
စားသောက်ဆိုင်လုပ်ငန်းရှင်အချို့သည် စားသုံးသူများထံ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန် ပျက်ကွက်နေသည့်အတွက် မပျက်မကွက် ပြေစာထုတ်ပေးရန်နှင့် ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ လစဉ်ပေးသွင်းရန် ပြည်တွင်းအခွန်များဦးစီးဌာနက အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
စားသောက်ဆိုင်လုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀၊ (က)၊ (၃) ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသည့်ပြေစာဖြင့် ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူများထံမှ တစ်ပါတည်းကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်ကို သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူး ရုံးသို့ ပေးသွင်းရန်တာဝန်ရှိကြောင်း သိရသည်။
ဥပဒေနှင့်အညီ အခွန်တာဝန်ကျေပွန်ပြီး နိုင်ငံကြီးသားပီသသည့် စားသုံးသူများနှင့် စားသောက် ဆိုင်များမှ လိုက်နာဆောင်ရွက်မှုများ တိုးတက်လာသော်လည်း တိုင်းဒေသကြီး/ပြည်နယ်အချို့ ရှိ လုပ်ငန်းရှင်အချို့သည် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန် ပြဋ္ဌာန်းချက်အပေါ် လိုက်နာဆောင်ရွက်မှု အားနည်းနေသည်ကို စိစစ်တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
စားသုံးသူများအနေဖြင့် စားသောက်ဆိုင်သို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသော ပြေစာကို တောင်းယူခြင်းဖြင့်လည်းကောင်း၊ စားသောက်ဆိုင်များအနေဖြင့်လည်း စားသုံးသူများမှ တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ထားသော ပြေစာများကို မဖြစ်မနေထုတ်ပေးရန် တာဝန်ရှိကြောင်း သိရသည်။
အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန် တာဝန်ပျက်ကွက်သည့် စားသောက် ဆိုင်လုပ်ငန်းရှင်များအား ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပုဒ်မ ၄၀၊ (က) အရ ပျက်ကွက်မှုများအလိုက် ဒဏ်ကြေးငွေများတပ်ရိုက်လျက်ရှိကြောင်း၊ ကောက်ခံရဒဏ်ကြေးငွေ၏ ၃၀ ရာခိုင် နှုန်းကို သတင်းပေးတင်ပြသူများအား ဆုကြေးငွေအဖြစ် ချီးမြှင့်လျက်ရှိပြီး သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းပြုမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ဖြစ်၍ စားသောက်ဆိုင်လုပ်ငန်းရှင်များအနေဖြင့် ဒဏ်ကြေးငွေတပ်ရိုက်ခံရခြင်းမှ ကာကွယ်နိုင်ရန်အတွက် စားသုံးသူများထံမှ ရောင်းရငွေနှင့်အတူ ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါ တည်းကောက်ခံ၍ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့် ပြေစာထုတ်ပေးရန်နှင့် ကောက်ခံရရှိသော ကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ လစဉ်ပေးသွင်းရန်ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။