
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ဇေယျဝတီစာသင်တိုက် ပဓာနနာယက သက်တော်(၁၀၄)နှစ်ရှိ သက်တော်ရှည် ဂဏဝိမုတ်ကူးတို့ဂိုဏ်းချုပ်ဆရာတော်ကြီး ထားဝယ်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် သည်ထားဝယ်မြို့ပြည်သူ့ဆေးရုံကြီးတွင်တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့်သက်တော် ၁၀၄ နှစ်၊ ဝါတော် ၈၄ ဝါတော်ရှိ သက်တော်ရှည်ဆရာတော်ကြီးဖြစ်သော ထားဝယ်မြို့ဇေယျဝတီစာသင်တိုက်ပဓာနနာယကဂဏဝိမုတ်ကူးတို့ဂိုဏ်းချုပ်ဆရာတော်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊အဂ္ဂမဟာကမ္မဋ္ဌာနာစရိယဘဒ္ဒန္တအရိန္ဒမအားကျန်းမာရေးစောင့်ရှောက်ပေးထားမှုအခြေအနေများကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ်တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်နိုင်ငံတော်သမ္မတသည်ဆရာတော်ကြီး၏ကျန်းမာရေးအခြေအနေများနှင့်ပတ်သက်၍အမြဲမပြတ်စောင့်ကြည့်၍လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်နှင့် အခြားလိုအပ်သည်များကိုလမ်းညွှန်မှာကြားပြီးဆရာတော်ကြီးအားဖူးမြော်ကြည်ညို၍နဝကမ္မအလှူငွေများ၊ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်လှူဖွယ်ပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည်ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ဆေးရုံအဆင့်မြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့အတူ နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်သည်ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ထားဝယ်မြို့ကျက်သရေဆောင်လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးနှင့်ရွှေတောင်စားစေတီတော်မြတ်ကြီးသို့သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့် ဆီမီးများ ကပ်လှူပူဇော်ဖူးမြော်ကြည်ညိုခြင်း၊ ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံမှုများဆောင်ရွက်မည့်အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး ဘက်စုံအလှူငွေများပေးအပ်ခြင်း၊ ရွှေတောင်စားစေတီတော်မြတ်ကြီးရှိမဟာဝိဇယခေမသီတလနိဗ္ဗုတဃောသမဟာခေါင်းလောင်းတော်ကြီးအား ထိုးခတ်ပူဇော်ခြင်း၊ စေတီတော်ကြီးရင်ပြင်တော်ရှိ အက်ကွဲပျက်စီးလျက်ရှိသည့်ကြွေပြားများအားပြန်လည်ပြုပြင်လဲလှယ်သွားရန်နှင့်ရင်ပြင်တော်အားအမြဲသန့်ရှင်းနေစေရေးဆောင်ရွက် ရန်တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။