
▪️၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံက မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခဲ့သော်လည်း တာဝန်သိ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် အာဆီယံထုတ်ပြန်ချက် ၅ ရပ်ကို နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အဖြစ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ဟု နိုင်ငံခြားရေးဝန်ကြီး ပြောကြား
အာဆီယံရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ (အောက်တိုဘာ ၁၃ ရက်) တွင် နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံရေးရာကော်မတီဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက အဖွင့်အမှာစကား ပြောကြားရာ၌ ၂၀၂၁ ခုနှစ်နောက်ပိုင်း အာဆီယံက မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံခဲ့သော်လည်း တာဝန်သိ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံသည် အာဆီယံထုတ်ပြန်ချက် ၅ ရပ်ကို နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အဖြစ်နိုင်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံနှင့် ပုံမှန်ထိတွေ့ဆက်ဆံနေသည့် လမ်းကြောင်းအပြင် အာဆီယံနှင့် ဆက်သွယ်ဆောင်ရွက်မည့် ကော်မတီတစ်ရပ်ကို ဖွဲ့စည်း၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံမှုများရှိခဲ့သော်လည်း မြန်မာနိုင်ငံသည် တာဝန်သိ အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေနှင့် အာဆီယံထုတ်ပြန်ချက် (၅) ရပ်ကို ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့်အညီ မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် အမျိုးသားအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ အဖြစ်နိုင်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ထို့ပြင် အာဆီယံနှင့် ဆက်ဆံရာတွင် တစ်နိုင်ငံချင်းအလိုက် ဦးစားပေးအဆင့်လိုက် ထိတွေ့ဆက်ဆံလျက်ရှိကြောင်းလည်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကော်မတီဒုတိယဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အာဆီယံထုတ်ပြန်ချက် (၅) ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ်များနှင့်အညီ တစ်ချက်ချင်းစီအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကိုယ်စားလှယ်များက မြန်မာနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား လက်ရှိနှစ်နိုင်ငံဆက်ဆံရေးကို အခြေခံကာ အာဆီယံအတွင်း မြန်မာနိုင်ငံ၏ မူလအခန်းကဏ္ဍနှင့် အခွင့်အရေးကို ပြန်လည်ထိန်းသိမ်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံက ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။