
■ နှစ်ဖက်သဘောတူညီထားသည့် “ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုချက်” အား လက်မှတ်ရေးထိုးခဲ့ဟု ဆို
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNUC/SNA) တို့ အောက်တိုဘာ ၉ ရက်တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ် အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ SNUC/SNA အား နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီ/ရှမ်းနီလက်နက်ကိုင်အဖွဲ့ (SNUC/SNA) ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်၊ ဒုတိယဥက္ကဋ္ဌ (၁) စဝ်ဆေစိုင်းကမ်၊ အတွင်းရေးမှူး စဝ်ဆေစိုင်းထူး၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်ဆေအောင်ထွန်းနှင့် စဝ်ဆေကောင်းဆိုင်၊ တွဲဖက်အတွင်းရေးမှူး စဝ်ဆေဝမ်းဖှတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) အမျိုးသားများညီညွတ်ရေးကောင်စီနှင့် နေပြည်တော်၌ ယခု တရားဝင်တွေ့ဆုံမှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ဒေသတွင်း အကြမ်းဖက်အဖွဲ့များမရှိစေရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်သွားရန်လိုကြောင်း၊ အချို့လက်နက်ကိုင်အဖွဲ့များသည် နယ်မြေဒေသရှိ သဘာဝသယံဇာတများရယူလိုမှုဖြင့် စီးပွားရေးအကျိုးအမြတ်ပေါ်မူတည်၍ ဆောင်ရွက်နေကြကြောင်း၊ တိုင်းရင်းသားများ၏ နိုင်ငံရေးလိုလားချက်ဆန္ဒများအပေါ် တည်ဆဲဥပဒေများနှင့်အညီ ညှိနှိုင်းပေးသွားမည်ဖြစ်ကြောင်း၊ ပဋိပက္ခများဖြစ်ပွားနေသည့်ဒေသများတွင် ပဋိပက္ခဒဏ် ခံစားနေရသူများမှာ အနာဂတ်နိုင်ငံတော်အတွက် လူသားအရင်းအနှီးများဖြစ်သော အမျိုးသမီး၊ ကလေးသူငယ်များ အပါအဝင် ပြည်သူများသာဖြစ်ကြောင်း၊ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) ဒေသတွင် လမ်း၊ တံတားနှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးနေကြောင်း၊ အခြေခံအဆောက်အအုံများ ပြည့်စုံမှုရှိမှသာ လူမှုဘဝရပ်တည်ရေး၊ ပညာရေး၊ ကျန်းမာရေးများ ကောင်းမွန်မည်ဖြစ်ကြောင်း၊ SNUC/SNA အဖွဲ့သည် ငြိမ်းချမ်းရေးဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းဖြစ်သဖြင့် လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် SNUC/SNA ဥက္ကဋ္ဌ စဝ်ဆေခွန်းအောင်က SNUC/SNA အနေဖြင့် ဒေသတည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်နေသည့်အဖွဲ့ဖြစ်ကြောင်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ပါဝင်ခွင့်ရသဖြင့် ဝမ်းသာဂုဏ်ယူကြောင်း၊ မိမိတို့အဖွဲ့၏ အားနည်းချက်များအပေါ် လက်တွဲခေါ်ဆောင်ပေးသွားရန် တင်ပြလိုကြောင်း၊ ရှေ့ဆက်ပြီး နိုင်ငံတော်နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက ဒေသတွင်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ NSPNC နှင့် စတုတ္ထအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးမှုအပေါ် ပြန်လည်သုံးသပ်ချက်နှင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်ကတိပြုချက် (မူကြမ်း) အား စိစစ်သုံးသပ်အတည်ပြုနိုင်ရေး၊ ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာလိုအပ်ချက်များနှင့် တရားဝင်ကုန်သွယ်မှု၊ ထုတ်လုပ်မှုလုပ်ငန်းများဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး SNUC/SNA အား နိုင်ငံရေးအရ တရားဝင်အသိအမှတ်ပြုရေး၊ တပ်ပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ရှမ်းနီ (တိုင်းလျန်၊ တိုင်းလိုင်) လူမျိုးများ၏ သမိုင်းကြောင်းအရ ပျံ့နှံ့နေထိုင်မှု၊ မှတ်ပုံတင်အရ လူမျိုး အမည်အသုံးအနှုန်း၊ ဒေသအသိအမှတ်ပြုလိုမှုတို့နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှတ်တော်သို့ တင်ပြဆောင်ရွက်နိုင်မည့်အခြေအနေများကို NSPNC ဘက်က အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် သဘောတူညီထားသည့် “ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ကတိပြုချက်” အား လက်မှတ်ရေးထိုးကြပြီး နှစ်ဖက်ခေါင်းဆောင်များက အပြန်အလှန်လဲလှယ်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က SNUC/SNA အဖွဲ့နှင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးခဲ့မှုများတွင် ဆွေးနွေးတင်ပြခဲ့သော ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ NCA အခမ်းအနားနှင့် အလုပ်ရုံဆွေးနွေးပွဲ၊ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းဖြင့် ငြိမ်းချမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းတို့နှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုးအတည်ပြုကြသည်။
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ထားသည်။