Eleven Media Group

■ ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တွင် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၈၄ ခု နှင့် အဆို  သုံးခုကို တင်ပြ ဆွေးနွေးခဲ့

ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တွင် ကြယ်ပွင့်ပြမေးခွန်းပေါင်း ၈၄ ခု နှင့် အဆို သုံးခုကို တင်ပြ ဆွေးနွေးခဲ့ပြီး ရက်အနည်းငယ်သာ ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးကို ကျန်းမာရေး၊ နာရေး၊ စတဲ့မဖြစ်မနေ ကိစ္စရပ်များကလွဲပြီး အားလုံးစုံစုံညီညီ တက်ရောက်စေလိုကြောင်း ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော် က လွှတ်တော် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

တတိယအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ကို အောက်တိုဘာ ၅ ရက်မှ ၉ ရက် အထိ ငါးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ က ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေမှာ ပါဝင်တဲ့ ဌာန/ အဖွဲ့အစည်းများရဲ့ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ် အရအသုံး ၊ ခန့်မှန်းခြေငွေစာရင်းများကို ရှမ်းပြည်နယ်လွှတ်တော် သို့ တင်သွင်းခဲ့ပြီး အစည်းအဝေး စတုတ္ထနေ့မှာ ရှမ်းပြည်နယ်လွှတ်တော် ဒေသန္တရ စီမံကိန်းနှင့် ဘဏ္ဍာရေးအရအသုံးဆိုင်ရာ စီစစ်ရေးကော်မတီရဲ့အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်းနိုင်ခဲ့ပါတယ်။ အဆိုပါ စာရင်းနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးက ဆွေးနွေးရှင်းလင်းခဲ့ပြီး လွှတ်တော်အဆုံးအဖြတ် ရယူကာ အတည်ပြု နိုင်ခဲ့ကြောင်း ဆိုသည်။

လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ ပြည်သူတွေကြားထဲ ကွင်းဆင်းပြီး ပြည်သူများရဲ့အသံ၊ ပြည်သူများရဲ့ဆန္ဒ၊ ပြည်သူ များရဲ့ မျှော်လင့်ချက်တွေကို သိရှိပြီး လွှတ်တော်ကတစ်ဆင့် မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ လွှတ်တော်ကိုယ်စားလှယ် (၃၄)ဦးက ကြယ်ပွင့်ပြမေးခွန်း (၈၄)ခုကို လွှတ်တော်က တစ်ဆင့်မေးမြန်း ခဲ့ကြတဲ့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက လွှတ်တော်မှာ ဖြေကြားခဲ့ကြောင်း ဆိုသည်။
ဒါ့ပြင် အဆို(၃)ခု စုံလင်း တင်ပြဆွေးနွေးခဲ့ပြီး အဆို(၂)ခု ကို အတည်ပြုခြင်း ဆောင်ရွက်နိုင်ခဲ့ကာ၊ လွှတ်တော်ကိုယ်စားလှယ် (၂၃)ဦးက ပေးပို့ထားတဲ့ ကြယ်ပွင့်မပြမေးခွန်း (၇၁)ခုကို လွှတ်တော်ကတစ်ဆင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ မေးခွန်းများကို ကဏ္ဍအလိုက်ခွဲကြည့်မည်ဆိုလျှင် လမ်း၊ တံတားကဏ္ဍ (၆၁)ခု၊ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးကဏ္ဍ (၉)ခု၊ ပညာရေးကဏ္ဍ (၂၆)ခု၊ ကျန်းမာရေးကဏ္ဍ (၇)ခု၊ လျှပ်စစ်၊ စွမ်းအင်ကဏ္ဍ (၁၆)ခု၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကဏ္ဍ (၂)ခု၊ အခြားဝန်ထမ်းဆိုင်ရာကဏ္ဍ (၂)ခု၊ လူမှုရေးကဏ္ဍ (၉)ခု၊ မြေယာကဏ္ဍ (၇)ခု၊ စည်ပင်သာယာရေးကဏ္ဍ (၁၀)ခု၊ သောက်သုံးရေရရှိရေးကဏ္ဍ (၅)ခုနှင့် ဆည်မြောင်းကဏ္ဍ (၁)ခု၊ စုစုပေါင်း (၁၅၅)ခုကို မေးမြန်းထားတာကို တွေ့ရှိရကြောင်း ဆိုသည်။

လွှတ်တော်အစည်းအဝေးကာလများမှာ ရေးရာကော်မတီအလိုက် ကော်မတီအစည်းအဝေးများကိုလည်း ကျင်းပ ပြုလုပ်ခဲ့ကြကြောင်း၊ ရှမ်းပြည်နယ်လွှတ်တော်ရေးရာကော်မတီ (၁၀)ခု ကလည်း သက်ဆိုင်ရာဌာနများ၊ ပြင်ပ အဖွဲ့အစည်း/ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံညှိနှိုင်းခြင်း (၄)ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများစိစစ်ရေးကော်မတီအနေဖြင့် ပြည်သူများ၏ တင်ပြစာပေါင်း (၁၂) စောင်ကို လက်ခံရရှိပြီး ကြားနာဖြေရှင်းပေးမှု (၃) စောင်၊ မှတ်တမ်းအဖြစ်ထားရှိမှု (၄)စောင်၊ ဆောင်ရွက်ဆဲတိုင်ကြားစာ (၂)စောင်ရှိကြောင်း၊ ကွင်းဆင်း စိစစ်ပေးမှု (၃)ကြိမ်စလုံးကို ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာ ကော်မတီသို့ ပြည်သူများ၏ တင်ပြစာ ပေါင်း(၉)စောင် လက်ခံရရှိခဲ့ပြီး ဖြေရှင်းဆောင်ရွက်ပြီးစီးမှု (၅)စောင်၊ သက်ဆိုင်ရာသို့ လွှဲပြောင်းပေးမှု (၂)စောင် ဆောင်ရွက်ဆဲတိုင်ကြားစာ ( ၂) စောင်ရှိကြောင်း၊ နယ်မြေ ကွင်းဆင်းစစ်ဆေးမှု (၃)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။ သစ်တော၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးနှင့် လျှပ်စစ်ရေးရာကော်မတီအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ သတ္တုတူးဖော်သည့် ကုမ္ပဏီ(၂၀) ခု ကို ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်နိုင်ခဲ့ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံ ကွင်းဆင်းဆောင်ရွက်မှု အစီရင်ခံစာကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာကော်မတီအနေဖြင့် ဒေသတွင်း ကော်ဖီစက်ရုံနှင့် ကော်ဖီထုတ်လုပ်မှု အခြေအနေကို
ကွင်းဆင်းစိစစ်နိုင်ခဲ့ပြီး ကော်မတီ၏ သုံးသပ်ချက်၊ အကြံပြုချက်များပါဝင်တဲ့ အစီရင်ခံစာကို တင်ပြခဲ့ကြောင်း သိရသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီနှင့် တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများစိစစ်ရေး ကော်မတီတို့ ပူးပေါင်းပြီး ရှမ်းပြည်နယ် (အရှေ့ပိုင်း) သို့ ကွင်းဆင်းစိစစ်ခြင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆိုသည်။ ကော်မတီများ၏ ကွင်းဆင်းစိစစ်တွေ့ရှိချက်၊ သုံးသပ်အကြံပြုချက်အစီရင်ခံစာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ပေးပို့ခဲ့ပြီး ဖြစ်ပါကြောင်း၊ထို့ပြင် ရှမ်းပြည်နယ် လွှတ်တော်ရုံး တိုင်စာ၊ အသနားခံစာနှင့် တင်ပြစာဌာန သို့ ရောက်ရှိလာသော တိုင်ကြားစာ (၁၃)စောင် လည်းရှိကြောင်း ဆိုသည်။

စတုတ္ထပုံမှန် အစည်းအဝေးကျင်းပပြီးနောက် တရားဥပဒေစိုးမိုးရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် တိုင်ကြားစာများစိစစ်ရေးကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဆိုင်ရာကော်မတီနှင့် သစ်တော၊ သတ္တု၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် လျှပ်စစ်ရေးရာကော်မတီတို့အနေဖြင့် ကွင်းဆင်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း ဆိုသည်။

လွှတ်တော်၏ လုပ်ငန်းတာဝန်များ အောင်မြင်စေရေးအတွက် လွှတ်တော်ရေးရာကော်မတီများ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ လွှတ်တော်ရဲ့လုပ်ငန်းကို ပိုမိုအားကောင်းစေဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် ဖွဲ့စည်းထားတဲ့ကဏ္ဍအလိုက် မိမိတို့သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်မှုရှိစွာနဲ့ လုပ်ငန်းပတ်သက်၍ အသေးစိတ်လေ့လာခြင်း၊ စိစစ်ဆွေးနွေးခြင်း၊ အကြံပြုခြင်းများဖြင့် လက်တွေ့ဆောင်ရွက်ပေးရသော အဖွဲ့လည်းဖြစ်ကြောင်း ဆိုသည်။
ကော်မတီတွေအနေနဲ့ မိမိတို့နှင့်သက်ဆိုင်သော ကဏ္ဍအသီးသီးတွင် ကျွမ်းကျင်နှံ့စပ်မှု ရှိစေဖို့ စဉ်ဆက်မပြတ်လေ့လာ နေကြရမှာဖြစ်ကြောင်း။ ကော်မတီများမှာ တာဝန် ထမ်းဆောင်လျက်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်များဟာ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်များဖြစ်၍ ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပါက ပိုမိုထိရောက်မှုရှိမှာဖြစ်တဲ့အတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြဖို့ အကြံပြုလိုကြောင်း ဆိုသည်။

ကော်မတီအလိုက် လေ့လာစိစစ်ရမည့် ဥပဒေများနှင့် စပ်လျဉ်းပြီး ခေတ်ကာလနှင့် ကိုက်ညီမှု ရှိစေရေးအတွက် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ရုပ်သိမ်းခြင်းနှင့် လိုအပ်ပါက ဥပဒေအသစ် ပြဌာန်းခြင်းများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးကြရမှာ ဖြစ်ကြောင်း၊ ကျွန်တော်တို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် မိမိတို့ပြည်နယ်အတွက် လိုအပ်တဲ့ဥပဒေ ပြဋ္ဌာန်းနိုင်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အားသွန်ခွန်စိုက် ကြိုးစားပေးကြစေလိုကြောင်း၊ အဓိက ကျသော ဥပဒေပြုရေးဆိုင်ရာကော်မတီအနေဖြင့် မိမိတို့ရဲ့ အတွေ့အကြုံများကို အပြည့်အဝ အသုံးချပြီး မိမိတို့ပြည်နယ်နှင့် ကိုက်ညီသော ဥပဒေပြဌာန်းနိုင်ရေးကို ကြိုးပမ်းအားထုတ်ကြစေလိုပါကြောင်း၊ ဥပဒေပြုလုပ်ငန်းစဉ်တွေ ပိုမိုထိရောက်စေရန်အတွက် Legislative Calendar ရေးဆွဲဆောင်ရွက်ကြဖို့လည်း တိုက်တွန်းပြောကြားလိုကြောင်း ဆိုသည်။

စတုတ္ထပုံမှန်အစည်းအဝေးကာလမှာ လွှတ်တော်လွှတ်တော် ကိုယ်စားလှယ်များ၏ Capacity Building စွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ရှမ်းပြည်နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ပြည်နယ်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနတို့ ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့လုပ်ငန်း၊ ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာနမှ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းနှင့် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရဲ့ လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေး ပွဲ ကျင်းပခြင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ နောက်ကျင်းပမယ့် အစည်းအဝေးများမှာလည်း ဆွေးနွေးပွဲများကို ကျင်းပပေးရေး စီစဉ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုသည်။

တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ မှ ပ ဉ္စမ နေ့အထိ အစည်းအဝေး တက်ရောက်မှု အခြေအနေများကို မှတ်တမ်းတင်ခြင်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ဆိုသည်။

လွှတ်တော်နှင့် ပြည်သူ ပိုမိုနီးကပ်စွာ ထိတွေ့နိုင်ရေးအတွက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးကာလအတွင်းမှာ လွှတ်တော်အစည်းအဝေးသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြန်ဆက်သတင်း ဌာန၊ ကဏ္ဍစုံသတင်းဌာန၊ Eleven Media Group၊ နီယိုမီဒီယာ၊ Shan Echo Media၊ အမိမြေသစ္စာ သတင်းစုံ စသော မီဒီယာ (၇)ခုတို့မှ သတင်းရယူခဲ့ကြပါကြောင်း ဆိုသည်။

လူထုလူတန်းစား အသီးသီးက လွှတ်တော်သို့ ပိုမိုသိရှိစေရေးနှင့် လွှတ်တော်ရဲ့ ဆောင်ရွက်ချက်များကို မျက်မြင်ကိုယ်တွေ့၊ ထိတွေ့သိရှိနိုင်ရေးအတွက် လွှတ်တော်သို့ လာရောက်လေ့လာနိုင်ရန် ဖိတ်ကြားဆောင်ရွက်ပြီး လွှတ်တော် လေ့လာရေးအစီအစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ခွင့်ပြုပေးလျက် ရှိကြောင်း၊ လွှတ်တော်ကျင်းပနေမှုကို မျက်မြင်ကိုယ်တွေ့ သိရှိရသလို အစည်းအဝေးပြီးနောက် လွှတ်တော်နှင့်ပတ်သက်သော အကြောင်းအရာများကို လေ့လာသူများ သိရှိနိုင်စေဖို့ လွှတ်တော်အကြောင်းကို Power Point နဲ့ အသေးစိတ်ရှင်းပြပေးခဲ့သည်။ သိလိုသမျှ မေးမြန်းချက်များကိုလည်း ဖြေကြားပေးခဲ့သည်။ ယခုစတုတ္ထပုံမှန်အစည်းအဝေးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၊ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအသင်း ရှမ်းတောင် ရှမ်းအရှေ့၊ နောင်တောင်းဗုဒ္ဓ တက္ကသိုလ်၊ မော်ကွန်းသစ်ကိုယ်ပိုင်ကျောင်း၊ တန့်ယန်းမြို့၊ ရွှေညောင်မြို့၊ တောင်ကြီးမြို့၊ ကလောမြို့တို့မှ လာရောက်လေ့လာသူ (၁၃၅)ဦး ရှိကြောင်း ဆိုသည်။
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်သည် သက်တမ်းအားဖြင့် (၆)လနဲ့ (၁၉)ရက်ရှိပြီဖြစ်ကာ လွှတ်တော်အစည်းအဝေးကျင်းပသောရက်ဟာ ဒီနေ့အပါ (၂၂)ရက်သတ်မှတ်ရှိပါကြောင်း၊ အစည်းအဝေးကျင်းပခဲ့ရက် အနည်းငယ်သာ ရှိတဲ့ကာလအတွင်းမှာ ခွင့်ယူကြတဲ့ ကိုယ်စားလှယ် များလည်းရှိပါကြောင်း၊ ပြည်သူလူထုက ရွေးချယ်ထားသော ပြည်သူ့ ကိုယ်စားလှယ်များဖြစ်တာနဲ့အညီ လွှတ်တော်ကိုယ်စားလှယ်များဟာ ရက်အနည်းငယ်သာ ကျင်းပတဲ့ အစည်းအဝေးကို ကျန်းမာရေး၊ သွားရေး၊ နာရေး၊ စတဲ့မဖြစ်မနေ ကိစ္စရပ်များကလွဲပြီး အားလုံးစုံစုံညီညီ တက်ရောက်စေလိုကြောင်း ဆိုသည်။

လွှတ်တော်အစည်းအဝေးပြီးလို့ မိမိတို့ နေထိုင်ရာ နယ်မြေဒေသအသီးသီးကို ပြန်ကြမယ့် လွှတ်တော်ကိုယ်စားလှယ် များအားလုံး ကောင်းကျိုးလိုအင်ဆန္ဒ ပြည့်ဝပြီး၊ ဘေးမသီရန်မခဘဲ လိုရာခရီးသို့ ရောက်ရှိကာပြည်သူ့ အကျိုးစီးပွားကို ပြည်သူများနှင့်အတူ လက်တွဲညီညီ ဆောင်ရွက်ပေးနိုင်ကြပြီး လာမယ့် အစည်းအဝေး များမှာ ကျန်းမာရွှင်လန်းစွာဖြင့် ပြန်လည်ဆုံတွေ့နိုင်ပါစေကြောင်း ဆုတောင်းရင်း ရှမ်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံကျော် က နိဂုံးချုပ်စကား ပြောကြားခဲ့သည်။


သတင်း - စည်သာ(တောင်ကြီး)

မူရင်းသတင်း — Eleven Media Group