Eleven Media Group

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်မှုနှင့်အတူ ခရီးသည်နှင့် လေယာဉ်ဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်သဖြင့် ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းအား ဘဏ္ဍာနှစ်အလိုက် ကြိုတင်အဆင့်မြှင့်တင် တိုးချဲ့တည်ဆောက်​နေ

နိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ပြည်ထောင်စုဝန်ကြီးများနှင့်တာဝန်ရှိသူများလိုက်ပါ၍ ယနေ့(​​အောက်တိုဘာ ၁၂ ရက်)မွန်းလွဲပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့​ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်လေဆိပ်သို့ဦးစွာရောက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ရိုးရာယဉ်ကျေးမှုအဖွဲ့များက ကြိုဆိုနှုတ်ဆက်ပြီး​နောက် လေဆိပ်အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဝင်းမင်းတို့က ထားဝယ်လေဆိပ်ဆိုင်ရာအချက်အလက်များ၊ ထားဝယ်လေဆိပ်အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ ထားဝယ်လေဆိပ်နှင့် လေယာဉ်ပြေးလမ်းတို့အား ဘဏ္ဍာရေးနှစ်အလိုက်အဆင့်မြှင့်တင်တိုးချဲ့တည်ဆောက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့​ကြောင်း သိရသည်။

ထိုသို့ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်အတူ ခရီးသည်နှင့် လေယာဉ်ဆိုက်ရောက်ပျံသန်းဝင်ထွက်မှုများ ပိုမိုများပြားလာနိုင်မည်ဖြစ်သဖြင့် ထားဝယ်လေဆိပ်နှင့်လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်မှုအား ကြိုတင်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်မှုရှိစေရေး၊ လေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်းသက်နိုင်ရေးနှင့် လေယာဉ်ပြေးလမ်းတစ်လျှောက် ရေဝပ်ဧရိယာများမရှိစေရေး ရေနုတ်မြောင်းများ စနစ်တကျတွက်ချက်ထည့်သွင်းတည်ဆောက်သွားရန်လိုကြောင်းနှင့် လေယာဉ်ပြေးလမ်းဘယ်ညာလမ်းပခုံးမြေသားများ စနစ်တကျဖော်ဆောင်ခြင်း၊ ပြေးလမ်းတစ်လျှောက်ပတ်ဝန်းကျင်တွင် ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းများဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို နိုင်ငံ​တော်သမ္မတ ​ပြောကြားသည်။

ယင်းနောက် လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့​ကြောင်း သိရသည်။

အလားတူ နိုင်ငံ​တော်သမ္မတသည် ထားဝယ်မြို့ ညောင်ရမ်း(တောင်)ရပ်ကွက်ရှိ ရွှေဝယ်သီရိပညာ့ဗိမာန်စာကြည့်တိုက်၊ ရွှေဝယ်သီရိအားကစားကွင်း ပွဲကြည့်စင်အသစ်တည်ဆောက်ရန် လျာထားဆောင်ရွက်လျက်ရှိသည့်အခြေအနေများကို ကြည့်ရှုစစ်​ဆေးခြင်း၊ ထားဝယ်မြို့အတွင်းနှင့် ကမ်းနားလမ်းတစ်လျှောက် မြို့ပြဖွံ့ဖြိုးမှုနှင့် ကမ်းနားလမ်းအဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ဆန်းချီရပ်ကွက်၊ ကမ်းနားလမ်းရှိ တနင်္သာရီတိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်အတွင်း ပြခန်းများအလိုက် ကြည့်ရှုစစ်ဆေးခြင်းနှင့် ထားဝယ်မြို့ ရေကူးကန်၊ ဒိုင်ဗင်ကန်နှင့်ပွဲကြည့်စင်ပါ မိုးလုံလေလုံအဆောက်အဦ(Indoor Stadium) တည်ဆောက်မည့်မြေနေရာသို့ သွား​ရောက်ကြည့်ရှုစစ်​ဆေးခဲ့​ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group