Eleven Media Group

■ ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ်တာဝန်ပေး

ကာကွယ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲခန့်အပ်တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ယနေ့ (အောက်တိုဘာ ၁၄ ရက်) တွင် ထုတ်ပြန်သည်။

နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၈၂/၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုအဖြစ်လည်းကောင်း၊ ဒေါက်တာ ကိုကိုလွင်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ခန့်အပ်တာဝန်ပေးခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား ခန့်အပ်တာဝန်ပေးရန်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ဒေါက်တာ ကိုကိုလွင်အား ခန့်အပ်တာဝန်ပေးရန် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုပေးပို့ထားမှုအပေါ် ယနေ့ (အောက်တိုဘာ ၁၄ ရက်) ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်လည်း အတည်ပြုခဲ့သည်။

ထို့အတူ နိုင်ငံတော်သမ္မတရုံးသည် အမိန့်အမှတ် ၈၁/၂၀၂၆ ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၂ တို့အရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအောင်အား ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်သည်။

မူရင်းသတင်း — Eleven Media Group