





ပုသိမ်၊ အောက်တိုဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင် ကျောင်း စုစုပေါင်း(၇၂၇၁)ကျောင်းရှိရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်ပြီး ဗလငါးတန် နှင့်ပြည့်စုံကာ ဘက်စုံတော်သော ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရေးနှင့် အခြေခံပညာ ကျောင်းများတွင် လိုအပ်ချက်များကိုဖြည့်ဆည်းကာ စံပြုထိုက်သောကျောင်းများဖြစ်လာစေရေး စနစ်တကျ ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ်အတွင်း ပညာသင်ကြားနေသော အခြေခံပညာကျောင်းသား၊ ကျောင်းသူ (၁၁)သိန်းကျော်ရှိပြီး ဆရာ၊ ဆရာမ အင်အား (၅၇၀၀၀) ကျော်ဖြင့် သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ ဆရာ၊ဆရာမများကိုယ်တိုင်က စိတ်ဓာတ်၊ စည်းကမ်းကို စနစ်တကျထိန်းသိမ်းပြီး စံနမူနာပြဖြစ်ရန်လိုကြောင်း ၊ စာရိတ္တနှင့်ပြည်သူ့နီတိကိုစနစ်တကျကြပ်မတ် သင်ကြားရန်နှင့် စာကြည့်တိုက်အချိန်တွင် ကျောင်းသားများစနစ်တကျ စာပေလေ့လာဖတ်ရှုဆွေးနွေးတတ်စေရေး ကြပ်မတ်ရန်လိုအပ်ကြောင်း၊ ဆရာများအနေဖြင့် သိအောင်လုပ်၊ တတ်အောင်သင်ပြီး တော်အောင်လေ့ကျင့်ပေးရမည်ဖြစ်ကြောင်း ၊ ဆရာများကိုယ်တိုင်က မိမိသင်ကြား ရမည့်ဘာသာရပ်ကို Skill Full ဖြစ်ရန်လိုအပ်ပြီး Professional ဖြစ်အောင် အမြဲလေ့လာကြိုးစား အားထုတ် နေရမည်ဖြစ်ကြောင်း၊ လက်တွေ့ချိန်များတွင် သင်ထောက်ကူပစ္စည်းများကို ဖြည့်ဆည်းကာ တတ်အောင်သင်ပေးရ မည်ဖြစ်ကြောင်း ၊ ၎င်းတို့ကို စနစ်တကျအကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဆောင်ပုဒ်ကိုချမှတ်ထားခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးပညာရေးမှူးရုံး၌ ပြုလုပ်သောကျောင်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း/ခရိုင်/ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများက မိမိတို့ကျောင်းများအလိုက် လက်ရှိပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှု အခြေအနေများ နှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို တင်ပြခဲ့ကြရာ လူမှုရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
#Myanmar #News