Myanmar National Post

ကျိုက်ထိုမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆိုင်ရာ (ဆင့်ပွား) သင်တန်း ဖွင့်လှစ်





ကျိုက်ထို၊ အောက်တိုဘာ  ၁၅

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မွေးမြူရေးဆိုင်ရာ စာရင်းဇယားများ မှန်ကန်စေရေးနှင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းများ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရေးဆိုင်ရာ (ဆင့်ပွား) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ ကော်မတီဥက္ကဋ္ဌဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူခြင်း လုပ်ငန်းသည် စီးပွားရေးဆိုင်ရာ မူဝါဒများနှင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များ ရေးဆွဲရာတွင် အရေးပါသည့် အချက်အလက်များ ရရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသည့် ဘာသာရပ်များကို စေတနာထား လေ့လာသင်ယူကြရန်နှင့် မြေပြင်အချက်အလက်များ မှန်ကန်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်ဝာာဖြိုးဝင့်ကိုက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရာတွင် လိုက်နာရမည့် နည်းလမ်းများ၊ သတ်မှတ်မေးခွန်းပုံစံများ ဖြည့်သွင်းခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကောက်ယူရေးအဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူ စာရင်းကောက်ယူသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ရက်တိုပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းပြီးဆုံးပါက မြို့နယ်အတွင်းရှိ တိရစ္ဆာန်ကောင်ရေ စာရင်းများကို မြေပြင်ကွင်းဆင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။


ပြည့်ဖြိုး

#News #Myanmar


မူရင်းသတင်း — Myanmar National Post