
ရန်ကုန်၊ အောက်တိုဘာ ၁၄
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် အောက်တိုဘာ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တိုးကြောင်ကလေး-သီလဝါ ရထားလမ်းပိုင်း၊ သီလဝါဆိပ်ကမ်းနှင့် ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ကုန်စည်သယ်ယူပိုဆောင်ရေး ပိုမိုမြန်ဆန်၍ ကုန်ကျစရိတ်သက်သာစေရေးနှင့် ဆိပ်ကမ်းလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး လမ်းညွှန်ခဲ့ပါသည်။
တိုးကြောင်ကလေး-သီလဝါ ရထားလမ်း နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရေး
သီလဝါဆိပ်ကမ်းနှင့် စက်မှုဇုန်တိုမှ ကုန်စည်များ ပိုမိုလွယ်ကူမြန်ဆန်စွာ သယ်ယူပိုဆောင်နိုင်ရေးအတွက် ရထားလမ်းကို နှစ်လမ်းသွားအဖြစ် အဆင့်မြှင့်တင်ရန်၊ လမ်းကြောင်းနှင့် တံတားလုပ်ငန်းများ စနစ်တကျဆောင်ရွက်ရန်နှင့် အနာဂတ်တွင် လျှပ်စစ်ရထားများ ပြေးဆွဲနိုင်ရေး ကြိုတင်စီမံထားရန် လမ်းညွှန်ခဲ့ပါသည်။
သီလဝါဆိပ်ကမ်း စွမ်းဆောင်ရည်မြှင့်တင်ရေး
သီလဝါဆိပ်ကမ်းသည် နိုင်ငံ၏ အရေးပါသည့် ဆိပ်ကမ်းတစ်ခုဖြစ်သဖြင့် ကုန်သေတ္တာများကို မော်တော်ယာဉ်နှင့် ရထားလမ်းတိုဖြင့် ပိုမိုမြန်ဆန်စွာ သယ်ယူပိုဆောင်နိုင်ရေး၊ ရေလမ်းကြောင်းများ ကောင်းမွန်စေရေးနှင့် Semi-Smart Port စနစ် အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
ပင်လယ်ရေကြောင်းကုန်သွယ်မှု တိုးမြှင့်ရေး
ပုသိမ်၊ ရန်ကုန်နှင့် ထားဝယ်ဆိပ်ကမ်းများကို အနာဂတ်အဓိကဆိပ်ကမ်းများအဖြစ် ဖွံဖြိုးတိုးတက်စေရန်၊ ထားဝယ်ဆိပ်ကမ်းမှ နိုင်ငံတကာဖြတ်သန်းကုန်သွယ်ရေး မြှင့်တင်ရန်နှင့် ကော့သောင်းဒေသတွင် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံဖြိုးရေး ဆောင်ရွက်ရန် ပြောကြားခဲ့ပါသည်။
ရွာသာကြီးကုန်းတွင်းဆိပ်ကမ်း ဖွံဖြိုးတိုးတက်ရေး
ရွာသာကြီးကုန်းတွင်းဆိပ်ကမ်းနှင့် ဘူတာယာဒ်ဝင်း တည်ဆောက်ရေးစီမံကိန်းများကို ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းမြေနေရာများ အကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် ခွင့်ပြုထားသည့် မြေနေရာများကို သတ်မှတ်လုပ်ငန်းများအတိုင်း စနစ်တကျအသုံးပြုရေး ကြပ်မတ်ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ပါသည်။
#News #Myanmar