
နေပြည်တော်၊ အောက်တိုဘာ ၁၄
နိုင်ငံတော်၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အလုပ်လုပ်ကိုင်နိုင်သူ လူငယ်လူရွယ်များ၊ အလုပ်အကိုင် ရှာဖွေနေသူများအား ၎င်းတို့၏ အသက် အရွယ်နှင့်သင့်လျော်သော အလုပ်အကိုင်ရွေးချယ်နိုင်ရေး၊ အလုပ်အကိုင်ရရှိရေး၊ အလုပ်ခွင်တည်မြဲရေးနှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းခွင်နှင့် ကိုက်ညီသင့်လျော်သည့် အလုပ်သမားရရှိရေးတို့အတွက် ဆွေးနွေးညှိနှိုင်းရန် ရည်ရွယ်ချက်ဖြင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေးဗဟိုအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ ရုံးအမှတ် (၃၀) စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က မြန်မာလုပ်သားထု လူမှုစီးပွားဘဝ အမှန်တကယ် မြင့်မားတိုးတက်လာစေရန်၊ ခေတ်မီဆန်းသစ်သော နည်းပညာများ၊ စက်မှုစနစ်များနှင့်အညီ ရင်ပေါင်တန်းနိုင်ရန်အတွက် လုပ်သားများ၏ အရည်အသွေးကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးနိုင်ပါက မိမိတို့နိုင်ငံတော်၏ အနာဂတ်စီးပွားရေးဆိုင်ရာ မောင်းနှင်အားအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့်အတွက် တက်ရောက်လာကြသည့် ဗဟိုအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် မိမိတို့တာဝန်ယူထားသည့် ကဏ္ဍအသီးသီးမှ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများကိုဆွေးနွေးကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဗဟိုအဖွဲ့ အဖွဲ့ဝင်များက လုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေးနှင့် အလုပ်အကိုင်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် မူဝါဒများချမှတ်ပေးနိုင်ရေး၊ လုပ်သားဈေးကွက်နှင့် ကိုက်ညီသော အလုပ်အကိုင်နှင့် အလုပ်ညွှန်းအမှတ်များ ပြုစုထုတ်ပြန်နိုင်ရေး၊ စစ်မှုထမ်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးသော ပြည်သူ့စစ်မှုထမ်းများအတွက် အလုပ်အကိုင် မြန်ဆန်စွာခန့်အပ်နိုင်ရေး၊ ကျွမ်းကျင်မှုနှင့် အသက်မွေးဝမ်းကျောင်းသင်တန်း တက်ရောက်ပြီးသူများ အလုပ်အကိုင်ရရှိနိုင်ရေး၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ခြင်းမရှိသူ များအပါအဝင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများနှင့် ဘွဲ့ရရှိထားသူများအားလုံး အလုပ်အကိုင်ရရှိရေး၊ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၌ လိုအပ်သော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ ပံ့ပိုးပေးနိုင်ရေး ဆွေးနွေးတင်ပြကြရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
အစည်းအဝေးသို့ အလုပ်အကိုင်နှင့်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဗဟိုအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များမှ အလုပ်သမားရေးရာဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့တို့မှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ကြသည်။
#News #Myanmar