Myanmar National Post

ဟော်မုဇ်ရေလက်ကြားမှာ စင်ကာပူကုန်တင်သင်္ဘောတစ်စင်း မိုင်းထိသွားပြီး နစ်မြုပ်



အောက်တိုဘာ - ၁၅ ( ကြာသပတေးနေ့ ) 

ဟော်မုဇ်ရေလက်ကြား မှာ ဗုဒ္ဓဟူးနေ့က ရေမိုင်း ထိမှန်ခဲ့တာကြောင့် ကုန်တင်သင်္ဘော တစ်စင်း နစ်မြုပ်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ အဆိုပါဒေသအတွင်း သင်္ဘောတွေအပေါ် တိုက်ခိုက်မှုတွေ ဆက်တိုက်ဖြစ်ပွားနေပြီး အမေရိကန်နဲ့ အီရန်ကြား ဆွေးနွေးပွဲတွေလည်း ရပ်တန့်နေတဲ့ အချိန်မှာ ပေါ်ပေါက်လာတာဖြစ်ပြီး ဒီတစ်လအတွင်းမှာတင် ရေနံတင်သင်္ဘောနဲ့ အခြားသင်္ဘောပေါင်း ၂၀ ကျော် တိုက်ခိုက်ခံခဲ့ရပါပြီ။

စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ GFS Pride လို့ခေါ်တဲ့ အဆိုပါ ကုန်တင်သင်္ဘောဟာ မီးလောင်ကျွမ်းခဲ့ ပြီးနောက် နစ်မြုပ်သွားခဲ့တာဖြစ်ပါတယ်။ စင်ကာပူ ရေကြောင်းနဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) ရဲ့ ထုတ်ပြန်ချက်အရ သင်္ဘောသား ၂၁ ဦးစလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေအရ တိမ်းစောင်းနေတဲ့ သင်္ဘောဆီကနေ မီးခိုးတွေ အူထွက်နေတာနဲ့ ရေပြင်ပေါ်မှာ ကုန်တင်သေတ္တာ (ကွန်တိန်နာ) တွေ မျောပါနေတာကို တွေ့ရပါတယ်။

အဲဒီနေ့မှာပဲ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ နောက်ထပ်သင်္ဘောတစ်စင်းဖြစ်တဲ့ GFS Giselle လည်း ထပ်မံတိုက်ခိုက်ခံခဲ့ရပြီး ကိုယ်ထည် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါသင်္ဘောဟာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအင်နဲ့ပဲ အဲဒီနေရာကနေ ထွက်ခွာနိုင်ခဲ့ပြီး သင်္ဘောသားတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရပါတယ်။

ကွန်တိန်နာပေါင်း ၂,၅၀၀ ကျော် တင်ဆောင်လာတဲ့ GFS Pride သင်္ဘောဟာ “ခွင့်ပြုချက်မရှိဘဲ အန္တရာယ်များတဲ့ လမ်းကြောင်း” အတိုင်း မောင်းနှင်နေစဉ် နစ်မြုပ်သွားခဲ့တာဖြစ်တယ်လို့ အီရန်နိုင်ငံရဲ့ အစ္စလာမ့်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က ပြောကြားခဲ့ပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post