
အယ်လ်ဘေးနီးယားတွင် ကျောင်းသား ကျောင်းသူများပါဝင်သည့် ဆန္ဒပြမှုများ အခြေအနေပြင်းထန်နေပြီး မြို့တော်တီရာနာ တွင် အစိုးရအဆောက်အအုံအချို့နှင့် ဘဏ်အချို့ တိုက်ခိုက်ခံခဲ့ရသည်။
အောက်တိုဘာ ၁၃ ရက်တွင် ပညာရေးဝန်ကြီးဌာနအပြင်ဘက်၌ ဆန္ဒပြမှုများ စတင်ခဲ့ပြီး ကျောင်းသား ကျောင်းသူများက တက္ကသိုလ်ကျောင်းများ၏ အခြေအနေ၊ ပညာသင်စရိတ်ကြီးမြင့်မှု ၊ ဘဏ္ဍာရေး အထောက်အပံ့မရမှု ၊ ဘွဲ့ရပြီးနောက် အလုပ်ရမှုအလားအလာ စသည့်အခြေအနေများကြောင့် ဆန္ဒ ထုတ်ဖော်နေကြခြင်း ဖြစ်သည်။
အဓိကရုဏ်းနှိမ်နင်းရေးရဲများ ပါလာသည့်အတွက် ဆန္ဒပြသူများနှင့် ထိပ်တိုက်တွေ့မှုများ၊ မျက်ရည်ယို ဓာတ်ငွေ့များ ၊ မီးသတ်ပိုက်များဖြင့် လူစုခွဲမှုများလည်း ရှိသည်။
“ဒီဆန္ဒပြမှုတွေက ကျောင်းသားကျောင်း သူတွေအတွက်ပဲ မဟုတ်ဘူး။ အယ်လ်ဘေးနီးယား ပြည်သူအားလုံး အတွက်ပါ။ လူထုက ဒီစနစ်ကြီးကို အရမ်းဒေါသဖြစ်နေကြတယ်။ အားလုံးကို ပြောင်းလဲဖို့လိုနေတာ။ ဒီလို အ ကျင့်ပျက်မှုတွေနဲ့ စနစ်ကို ပြောင်းလဲဖို့လိုတယ်” ဟု ဆန္ဒပြသူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောသည်။
ဆန္ဒပြကျောင်းသူတစ်ဦးကလည်း “ဒါဟာ တော်လှန်ရေးတစ်ခုပါ။ အေးချမ်းစွာ ဆန္ဒပြနေရတာကို ကျွန်မတို့ ငြီးငွေ့လာပြီ။ ဝန်ကြီးချုပ်ရာမာ နုတ်မထွက်သရွေ့ ကျွန်မတို့တွေ ဆန္ဒပြတာကို မရပ်ဘူး” ဟု ဆိုသည်။
အယ်လ်ဘေးနှီးယားဝန်ကြီးချုပ် အက်ဒီရာမာ နုတ်ထွက်ပေးရန် တောင်းဆိုသည့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ လနှင့်ချီ ဖြစ်ပွားပြီးနောက် ယခုတစ်ဖန် ကျောင်းသားကျောင်းသူများ ဦးဆောင်သည့် ဆန္ဒပြမှုများ ထပ်ဖြစ်လာခြင်းဖြစ်သည်။
ဒေါ်နယ်ထရန့်၏သားမက် ဂျရတ်ကွတ်ရှ်နာနှင့် ဆက်နွယ်နေသည့် ဇိမ်ခံအပန်း ဖြေစခန်းတစ်ခုကို အယ်လ်ဘေးနီးယား တောင်ဘက်ကမ်းရိုးတန်းတွင် ဆောက်လုပ်ရန် အဆိုပြုထားမှု၊ ရာမာအစိုးရက ပွင့်လင်းမြင်သာခြင်း မရှိမှုတို့ကို အခြေခံပြီး အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
Ref:Reuters, Photo:AFP/Getty/Reuters