







ပုဇွန်တောင်၊ အောက်တိုဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၆)ရပ်ကွက်၊ အထက်ပုဇွန် တောင်လမ်းရှိ ပုဇွန်တောင်ဈေး၌ ကုန်ဈေးနှုန်းများကျဆင်းစေရေးအတွက် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချမည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးမည့် ကွန်တိန် နာဘောက်စ်ဈေးဆိုင်ခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာမျိုးသော်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှ ဒုတိယဌာနမှူး ဦးသန့်ဇင်ထွန်း၊ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်တိန်နာဘောက်စ်ဈေးဆိုင်ခန်းတွင် ပြည်သူများ ဈေးလာရောက်ဝယ်ယူမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပုဇွန်တောင်ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဈေးသည်၊ ဈေးဝယ် များနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့သည်။ အဆိုပါ ကွန်တိန်နာဘောက်စ်ဖြင့် ဈေးဆိုင်ခန်းတွင် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် မွေးမြူရေးခြံများမှ တိုက်ရိုက်ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပြီး ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ၊ ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
စုယဉ်ချစ်
#Myanmar #News