Myanmar National Post

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M.Alhowishan နှင့် တွေ့ဆုံဆွေးနွေး


နေပြည်တော်၊ အောက်တိုဘာ ၁၆

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဆော်ဒီအာရေဗျနိုင်ငံ သံအမတ်ကြီး H.E. Mr. Maziad Mohammed Maziad M.Alhowishan နှင့် ယမန်နေ့က နေပြည်တော်ရှိ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဆော်ဒီအာရေဗျနိုင်ငံသို့ ဟဂျ်ဝတ်ပြုသွားရောက်ရာတွင် အဆင်ပြေချောမွေ့စွာ တည်းခိုနေထိုင်နိုင်ရေးအတွက် မင်းတုန်းမင်းကြီးလက်ထက်က ဒေါင်းဇရပ်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းပေးခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံသို့ ဟဂျ်ဘုရားဖူးခရီးစဉ် သွားရောက်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ဆော်ဒီအာရေဗျနိုင်ငံသံ အမတ်ကြီးက မြန်မာနိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ ဟဂျ်ဝတ်ပြုသွားရောက်နိုင်ရေး ကူညီဆောင်ရွက်ပေးမှုများအတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် ဘာသာပေါင်းစုံအတွက် တတ်နိုင်သမျှ ဆောင်ရွက်နေမှုများကိုလည်း အသိအမှတ်ပြုပါကြောင်း ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post