

အောက်တိုဘာ - ၁၆ ( သောကြာနေ့ )
ယီမင်နိုင်ငံတောင်ပိုင်း အေဒင်မြို့မှာရှိပြီး အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုထားတဲ့ ဆော်ဒီကျောထောက်နောက်ခံ ယီမင်အစိုးရရုံးစိုက်ရာ သမ္မတနန်းတော်ကို ဟူသီသူပုန်တွေက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်လိုက်ပါတယ်။ အဲဒီနေရာမှာ ဆော်ဒီအစိုးရရဲ့ အသိအမှတ်ပြု အစိုးရအဖွဲ့ ရုံးထိုင်နေတာပါ။
တိုက်ခိုက်မှုကြောင့် ဆော်ဒီအရာရှိတွေနဲ့ ငှားရမ်းထားတဲ့ စစ်သည်တော်တွေ သေဆုံးခဲ့တယ်လို့ ဟူသီဘက်က ဆိုပါတယ်။ ဒါပေမဲ့ အစိုးရဘက်ကတော့ လုံခြုံရေးအစောင့် ၂ ဦး သေဆုံးတယ်လို့ပဲ အစပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး၊ နောက်ပိုင်းမှာတော့ သေဆုံးသူ ၅ ဦးနဲ့ ဒဏ်ရာရသူ ၁၆ ဦးထက်မနည်း ရှိတယ်လို့ ပြင်ဆင်ထုတ်ပြန်ခဲ့ပါတယ်။
ကြာသပတေးနေ့က အယ်လ်မာရှစ် သမ္မတနန်းတော်ဟာ အနည်းဆုံး ဒုံးကျည် ၅ စင်းနဲ့ ပစ်ခတ်ခံခဲ့ရတာပါ။ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေအရ နန်းတော်ဝင်းထဲကနေ မီးခိုးမည်းတွေနဲ့ ဖုန်မှုန့်တွေ အူထွက်နေတာကို တွေ့ရပါတယ်။ တိုက်ခိုက်ချိန်မှာ ဝန်ကြီးချုပ်နဲ့ ကက်ဘိနက်ဝန်ကြီးတွေ အဲဒီနန်းတော်ထဲမှာ ရှိနေခဲ့ကြပေမဲ့ အန္တရာယ်တစ်စုံတစ်ရာ မရှိဘဲ လွတ်မြောက်သွားခဲ့တယ်လို့ ယီမင် သတင်းအချက်အလက်ဝန်ကြီး မိုအမ်မာ အယ်လ်အယ်ရီယာနီက ပြောပါတယ်။
"အန်ဆာ အလ္လာဟ်" လို့ တရားဝင် လူသိများတဲ့ အဲဒီ လက်နက်ကိုင်အဖွဲ့ရဲ့ ပြောပြချက်အရ အဲဒီနန်းတော်ဝင်းဟာ ဆော်ဒီအရာရှိတွေ ဦးစီးလုပ်ဆောင်နေတဲ့ စစ်ရေးလုပ်ငန်းဆောင်တာ ဗဟိုဌာနနဲ့ လက်နက်သိုလှောင်ရုံ တစ်ခုအနေနဲ့ အသုံးပြုနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အဲဒီနေရာမှာ လူအသေအပျောက် အများအပြား ရှိခဲ့တယ်လို့လည်း ဟူသီတို့ဘက်က ပြောဆိုပါတယ်။
"အေဒင်မြို့က ဆော်ဒီရန်သူ့ရဲ့ စစ်ရေးလုပ်ငန်းဆောင်တာ ဗဟိုဌာနကို တိုက်ခိုက်လိုက်တာဟာ အရင်ကတည်းက ကြေညာထားတဲ့ မူဝါဒအတိုင်းပါပဲ။ ဆော်ဒီစစ်တပ်တွေ ဘယ်နားမှာပဲ စုစည်းနေပါစေ၊ ဆော်ဒီရဲ့ ဘယ်လိုစစ်ရေးတည်ရှိမှုကိုမဆို ကျနော်တို့တပ်ဖွဲ့တွေအတွက် တရားဝင် ပစ်မှတ်အဖြစ် သတ်မှတ်ထားပြီးသားပါ" လို့ အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိတဲ့ ယဟ်ယာ ဆာရီ က ပြောကြားခဲ့ပါတယ်။
REF: RT
#News #Myanmar