
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီး ရန်ကုန် - မော်လမြိုင် ကားလမ်းတွင် ငွေကျပ်သိန်း ၁၂၀၀ တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် (၅) နာရီ အချိန်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဝေါမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီးတွင် မော်တော်ယာဉ်များအား စစ်ဆေးရှာဖွေစဉ် စိုင်းသိန်းဇော်(ခ)အိုက်နောင့် ဆိုသူမောင်းနှင်လာသည့် HONDA INSIGHT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသော စိတ်ပြောင်းဆေးဝါး Happy Water အလေးချိန် ၁.၅ ကီလို (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၁,၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် (၁၀) နာရီ (၃၀) မိနစ် အချိန် အဆိုပါ စိတ်ပြောင်းဆေးဝါး Happy Water များ သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ စိုင်းဇင်မင်းထွေး(ခ)ရှန်ရှန် ဆိုသူအား ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်တွင် လက်ကိုင်ဖုန်း ၂ လုံးနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
၎င်းဖြစ်စဉ်မှ စိုင်းသိန်းဇော်(ခ)အိုက်နောင့်(၂၈) နှစ် နှင့် စိုင်းဇင်မင်းထွေး (ခ) ရှန်ရှန် (၂၂) နှစ်တို့အား ဝေါမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Photo Credit - CCDAC