Myanmar National Post

အစ္စတန်ဘူလ်မှာ မိုးကြီးလွန်းလို့ လူ ၃ ထက်မနည်း သေဆုံး


အောက်တိုဘာ - ၁၆ ( သောကြာနေ့ ) 

တူရကီနိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အစ္စတန်ဘူလ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လမ်းတွေရေမြုပ်ကာ မော်တော်ယာဉ်တွေ မျောပါသွားခဲ့ပါတယ်။  မြို့တွင်း အဓိကနေရာအများစုလည်း လှုတ်ရှားမှုတွေ ရပ်တန့်သွားတဲ့အထိ ဖြစ်ခဲ့ရပြီး လူ ၃ ဦးထက်မနည်း သေဆုံးသွားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ ညကစပြီး မြို့ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုးသက်မုန်တိုင်းကြောင့် ဥရောပဘက်ခြမ်းနဲ့ အာရှဘက်ခြမ်း နှစ်ဖက်စလုံးမှာရှိတဲ့ လူနေရပ်ကွက်တွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ အဓိကလမ်းမကြီးတွေမှာ ရေတွေ ကြီးခဲ့ပါတယ်။ မိုးတွေ ဆက်ရွာဦးမယ်လို့ ခန့်မှန်းထားတာကြောင့် ကျောင်းတွေကို ပိတ်ထားခဲ့ရပြီး ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ထိခိုက်ပျက်ပြားခဲ့ကာ အာဏာပိုင်တွေကလည်း နေအိမ်တွေထဲမှာပဲ နေထိုင်ကြဖို့ ပြည်သူတွေကို တိုက်တွန်းထားပါတယ်။

ဒေသန္တရ အာဏာပိုင်တွေက ဆယ်စုနှစ်တွေအတွင်း အဆိုးဆုံးလို့ ဖော်ပြခဲ့တဲ့ ဒီမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပြီး လေယာဉ်ခရီးစဉ် ဒါဇင်နဲ့ချီ ပြောင်းလဲပျံသန်းခဲ့ရတဲ့အထိ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ကြီးကြီးမားမား လုပ်ဆောင်ခဲ့ရပါတယ်။

ကြာသပတေးနေ့က ရေနစ်မြုပ်နေတဲ့ အစ္စတန်ဘူလ်မြို့လမ်းမတွေကနေ သတင်းပေးပို့ခဲ့တဲ့ RT သတင်းထောက် ယာဆင် အယ်ကင် ရဲ့ ပြောကြားချက်အရ ပျက်စီးဆုံးရှုံးမှု ပမာဏကို ဆက်လက် ဆန်းစစ်နေဆဲဖြစ်ပြီး၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပိတ်မိနေတဲ့ ဒေသခံတွေကို ကယ်ဆယ်ဖို့နဲ့ အမှိုက်သရိုက်တွေကို ရှင်းလင်းဖို့ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

အစ္စတန်ဘူလ်မြို့ရဲ့ မိုးရေချိန်ဟာ လွန်ခဲ့တဲ့ ၈၄ နှစ်အတွင်း အသည်းထန်ဆုံးနဲ့ အများဆုံး ဖြစ်တယ်လို့ မြို့တော်ဝန် ဒါဗွတ် ဂူးလ် က သတင်းထောက် အယ်ကင်ကို ပြောကြားခဲ့ပြီး၊ အချို့နေရာတွေမှာ ဆိုရင် မိုးရေချိန် ၂၇၀ မီလီမီတာအထိ ရွာသွန်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို မိုးရေချိန် များပြားလှတဲ့ ရေထုပမာဏ အထူးအဆန်း ဖြစ်ပေါ်နေပုံကို သတင်းထောက်က ရှင်းပြခဲ့ရာမှာ ၁၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ နေရာတစ်ခုပေါ်ကို မိုးရေ တန်ချိန် ၂၇ တန်ခန့် ကျဆင်းလာတာနဲ့ တူညီနေတယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ ရေကြီးရေလျှံမှုတွေကြောင့် ဘော့စဖရပ် ရေလက်ကြား တစ်လျှောက်မှာရှိတဲ့ ဆာရီယာ ခရိုင်အနီးမှာ (LNG) တင်ဆောင်လာတဲ့ ရေနံတင်သင်္ဘောတစ်စင်းလည်း မြေပြင်ပေါ်ကို တင်သွားခဲ့တယ်လို့ သိရပါတယ်။


REF: RT

#News #Myanmar


မူရင်းသတင်း — Myanmar National Post