Eleven Media Group

■ နိုင်ငံတော်သမ္မတထံသို့ NCA (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များ လာရောက်ဂါရဝပြု တွေ့ဆုံ

■ ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဒေသတွင်းနေထိုင်သည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရန်လိုအပ်ကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များက ယနေ့ (အောက်တိုဘာ ၁၅ ရက်) တွင် လာရောက်ဂါဝရပြု တွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ပြည်နယ်တစ်ခုသည် လူမျိုးတစ်မျိုးတည်း၏ ပိုင်ဆိုင်မှုမဟုတ်ဘဲ ဒေသတွင်းနေထိုင်သည့် လူမျိုးအားလုံး၏ ပိုင်ဆိုင်မှုဖြစ်ကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထိုပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများအနေဖြင့် ငြိမ်းချမ်းရေးရယူပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပါဝင်လိုပါက သက်ဆိုင်ရာဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ကြောင်း၊ သာမန်အရပ်သားပြည်သူများကဲ့သိုလည်း ဥပဒေအကာအကွယ်ဖြင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ကြောင်း ပြောကြားခဲ့သည်။

နေပြည်တော်တွင် ယနေ့ (အောက်တိုဘာ ၁၅ ရက်) ပြုလုပ်သည့် NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည့် ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲများဖြစ်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

မူရင်းသတင်း — Eleven Media Group