Myanmar National Post

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား “မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects-QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ (MoU) ၅ စောင် လက်မှတ်ရေးထိုး




နေပြည်တော်၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတ နိုင်ငံအစိုးရတို့အကြား ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် “မြန်ဆန်စွာအကျိုးဖြစ်ထွန်းစေမည့် စီမံချက်များ (Quick Impact Projects- QIP)” အကောင်အထည်ဖော်ဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ ၅ စောင် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယမန်နေ့က အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur နှင့် ပထမအတွင်းဝန် Mr. Amit Shreeansh အပါအဝင် တာဝန်ရှိကိုယ်စားလှယ်များ တက်ရောက်ကြသည်။

နားလည်မှုစာချွန်လွှာများဖြစ်သည့် အများပြည်သူအပန်းဖြေလေ့လာနိုင်ရန် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ရှိ ကျေးရွာပတ်လမ်း အဆင့်မြှင့်တင်ပြုပြင်ခြင်းစီမံချက်ကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှလည်းကောင်း၊ မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ကျောင်းများအတွက် WASH ထောက်ပံ့ကူညီရေးစီမံချက်ကို ပညာရေးဝန်ကြီးဌာနမှလည်းကောင်း၊ ဘွိုင်လာကိုင်တွယ်ထိန်းသိမ်းသူများ သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်း စီမံချက်ကို စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ ပုသိမ်ကြီးလူငယ်သင်တန်းကျောင်းတွင် ဖူဆယ်ဘောလုံးကွင်း တည်ဆောက်ခြင်းစီမံချက်ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှလည်းကောင်း၊ စာရင်းစစ်ဆေးလေ့ကျင့်သင်ကြားနိုင်ရန် အချက်အလက်များ ထုတ်ယူစိစစ်သုံးသပ်သော ဆော့ဝဲလ်ဝယ်ယူခြင်း စီမံချက်ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်းကောင်း ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြပြီး အိန္ဒိယသမ္မတနိုင်ငံအစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ပထမအတွင်းဝန် Mr. Amit Shreeansh က လက်မှတ်ရေးထိုးသည်။

စီမံချက်တန်ဖိုး စုစုပေါင်းအမေရိကန်ဒေါ်လာ ၂၄၇၅၀၂ ဒသမ ၄၇ ဖြစ်ပြီး ယနေ့လက်မှတ် ရေးထိုးသည့် QIP စီမံချက် ၅ ခုအပါအဝင် အိန္ဒိယနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသို့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် QIP စီမံချက် ၁၀ ခုကို ပေးအပ်ခဲ့ကြောင်း သိရသည်။


#News #Myanmar

မူရင်းသတင်း — Myanmar National Post