Eleven Media Group

■ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အင်အားသုံး၍မရရှိနိုင်ဘဲ အပေးအယူလုပ်ဆောင်လိုသော စိတ်ဓာတ်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အလျှော့အတင်းဆောင်ရွက်ခြင်း၊ လိုက်လျောညီထွေရှိခြင်းနှင့် လိုလားချက်များကို ညှိနှိုင်းလက်ခံပေးခြင်းတို့ဖြင့်သာ ဖော်ဆောင်နိုင်မည်​ဖြစ်​ကြောင်း အိန္ဒိယသံအမတ်ကြီး ​ပြောကြား

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အင်အားသုံး၍မရရှိနိုင်ဘဲ အပေးအယူလုပ်ဆောင်လိုသော စိတ်ဓာတ်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အလျှော့အတင်းဆောင်ရွက်ခြင်း၊ လိုက်လျောညီထွေရှိခြင်းနှင့် လိုလားချက်များကို ညှိနှိုင်းလက်ခံပေးခြင်းတို့ဖြင့်သာ ဖော်ဆောင်နိုင်မည်​ဖြစ်​ကြောင်း အိန္ဒိယသံအမတ်ကြီး ​Abhay Thakur က ပြောကြားသည်။

​​အောက်တိုဘာ ၁၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနား၌ အိန္ဒိယနိုင်ငံကိုယ်စား သံအမတ်ကြီး Abhay Thakur က ဗီဒီယိုမိန့်ခွန်း ပြောကြားခဲ့ရာတွင် ထိုသို့ထည့်သွင်း ​ပြောကြားခြင်းဖြစ်သည်။

အိန္ဒိယသံအမတ်ကြီး ​Abhay Thakur က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြား ဆွေးနွေးပွဲများ၏ နယ်ပယ်နှင့် ပါဝင်သည့် အကြောင်းအရာများကို ကျယ်ပြန့်စေခြင်းဖြင့် NCA လုပ်ငန်းစဉ်သည် အားလုံးပါဝင်နိုင်ပြီး အဓိက သက်ဆိုင်သူအားလုံးက ပိုင်ဆိုင်သော လုပ်ငန်းစဉ် ဖြစ်လာစေရန်နှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန်ယုံကြည်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုများသည် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန်အတွက် မရှိမဖြစ်လိုအပ်ဆဲ ဖြစ်​ကြောင်း ​ပြောကြားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက်ရှိ အဖွဲ့အစည်းများ အပါအဝင် သက်ဆိုင်သူများနှင့် အစုအဖွဲ့အားလုံး အပြုသဘောဆောင်သည့် ထိတွေ့ဆက်ဆံမှုသည် အထူးအရေးကြီး​ကြောင်း၊ အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁,၆၄၃ ကီလိုမီတာ ရှည်လျားသော ကုန်းမြေနယ်နိမိတ်နှင့် ၁,၀၆၀ ကီလိုမီတာ ရှည်လျားသော ရေပြင်နယ်နိမိတ်ကို မျှဝေပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိ​ကြောင်း သံအမတ်ကြီးကဆိုသည်။

ထို့ပြင် ကုလားတန်စီမံကိန်း နှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းစီမံကိန်းများသည်ကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး သက်သက်အတွက်သာ မဟုတ်​ကြောင်း၊ ဤစီမံကိန်းများသည် နှစ်နိုင်ငံပြည်သူအချင်းချင်း ပိုမိုနီးကပ်လာစေရန်နှင့် ဒေသတွင်းနှင့် ပြည်တွင်းသာယာဝပြောရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထောက်အကူပြုရန် ရည်ရွယ်​ကြောင်း သံအမတ်ကြီးက ​ပြောကြားသည်။

ထို့အတူ အိန္ဒိယနိုင်ငံသည် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဟောပြောပွဲများနှင့် အလုပ်ရုံ ဆွေးနွေးပွဲ အကြိမ် (၅) ကြိမ် ပြုလုပ်၍ မြန်မာနိုင်ငံမှ သက်ဆိုင်သူများနှင့် တာဝန်ရှိသူများသို့ အတွေ့အကြုံများ မျှဝေပေးခဲ့ပြီး ဖြစ်​ကြောင်း၊ မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို အင်အားသုံး၍ မရရှိနိုင်ဘဲ အပေးအယူလုပ်ဆောင် လိုသော စိတ်ဓာတ်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်း၊ အလျှော့အတင်းဆောင်ရွက်ခြင်း၊ လိုက်လျောညီထွေရှိခြင်းနှင့် လိုလားချက်များကို ညှိနှိုင်းလက်ခံပေးခြင်းတို့ဖြင့်သာ ဖော်ဆောင်နိုင်မည် ဖြစ်​ကြောင်း သံအမတ်ကြီးက​ပြောကြားသည်။

မြန်မာနိုင်ငံ သမ္မတဦးမင်းအောင်လှိုင် တာဝန်ယူပြီးနောက်ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ၂၀၂၆ ခုနှစ် မေ-ဇွန်လတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ဝန်ကြီးချုပ် ရှရီ နရင်ဒရာမိုဒီက "ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာနိုင်ငံက ဦးဆောင်သည့် ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံပါကြောင်း ပြောကြားခဲ့ပြီး "နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် အပြန်အလှန် လေးစားမှုအပေါ် အခြေခံ၍ ဆက်လက်ကူညီပံ့ပိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပေးအပ်သွားမည်ဟုလည်း ကမ်းလှမ်းပြောကြားခဲ့​ကြောင်း သံအမတ်ကြီးက ​ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group