Eleven Media Group

■ တရုတ်နိုင်ငံသည် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ဆန္ဒနှင့် မျှော်လင့်ချက်များနှင့်အညီ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့မှုများကို ပေးအပ်မည်ဖြစ်​ကြောင်း တရုတ်အာရှ​ရေးရာ အထူးကိုယ်စားလှယ်​ပြောကြား

တရုတ်နိုင်ငံသည် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များနှင့်အညီ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ကူညီထောက်ပံ့မှုများကို ပေးအပ်မည်ဖြစ်​ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းက ​​ပြောကြားသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ဖွင့်ပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက ​ပေးပို့သည့် Video မိန့်ခွန်း​​တွင် ထိုသို့ထည့်သွင်း​ပြောကြားထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အာရှရေးရာအထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက အရှည်လျားဆုံး နယ်နိမိတ်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံ၊ ယုံကြည်စိတ်ချရသည့် မိတ်ဆွေနှင့် မိတ်ဖက်နိုင်ငံအဖြစ် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အမျိုးသားရေးအခြေအနေများနှင့်ကိုက်ညီပြီး ပြည်သူအများ ထောက်ခံသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေရာတွင် အစဉ်အမြဲ ကူညီထောက်ပံ့ပေးခဲ့​ကြောင်း၊ ဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့ကိုဖော်ဆောင်ကာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းရင်းသားအချင်းချင်း ပြန်လည်သင့်မြတ်ရေးနှင့် လူမှုအသိုက်အဝန်း သဟဇာတဖြစ်ရေးတို့ကို ရရှိစေရန်အလို့ငှာ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းပေါင်းစုံ၏ ကြိုးပမ်းမှုများကိုလည်း ထောက်ခံအားပေး​ကြောင်း ​ပြောကြားသည်။

ထို့ပြင် လွန်ခဲ့သည့်နှစ်များအတွင်း မြန်မာနိုင်ငံ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ တောင်းဆိုချက်အရ တရုတ်နိုင်ငံသည် ကူမင်းမြို့၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲပေါင်းများစွာကို ကူညီဆောင်ရွက်ပေးခဲ့ပြီး တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီ ချက်များ ရရှိစေရန် ကူညီပေးခဲ့သဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း အခြေအနေများကို ပြေလည်စေပြီး တည်ငြိမ်မှုရရှိစေခဲ့​ကြောင်း အာရှ​ရေးရာအထူးကိုယ်စားလှယ်က ​ပြောကြားသည်။

"တရုတ်နိုင်ငံ သည် တရားမျှတသော ရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ဆန္ဒနှင့် မျှော်လင့်ချက်များနှင့်အညီ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လိုအပ်သော ကူညီထောက်ပံ့မှုများကို ပေးအပ်သွားမည်ဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံးအနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်ဆုပ်ကိုင် ထားရန်၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရန်၊ သဘောထားကွဲလွဲမှုများကို ညှိနှိုင်းဆွေးနွေးပွဲ များမှတစ်ဆင့် ဖြေရှင်းရန်နှင့် အဆုံးသတ်တွင် မြန်မာနိုင်ငံ၌ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ရရှိကြရန် မျှော်လင့်ပါတယ်" ဟု တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းက ​​ပြောကြားသည်။

တရုတ်နိုင်ငံသည် မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား လတ်တလော ဆွေးနွေးပွဲများကို ချီးကျူးဂုဏ်ပြုပြီး နှစ်ဖက်စလုံးအနေဖြင့် သက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ တိုင်းရင်းသား လူနည်းစုများအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံများကို ရှာဖွေရန်နှင့် ဆွေးနွေးပွဲများမှတစ်ဆင့် သင့်တော်သော အဖြေများကို ရှာဖွေရန် မျှော်လင့်​ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဤကိစ္စတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားရန် အသင့်ရှိ​ကြောင်း
အာရှ​ရေးရာအထူးကိုယ်စားလှယ်က ​ဆိုသည်။

ထို့အတူ ငြိမ်းချမ်းရေးသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ပြီး တည်ငြိမ်ရေး၏ အာမခံချက် လည်းဖြစ်​ကြောင်း၊ ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းသည် အနာဂတ်ကို တည်ဆောက်ခြင်း ဖြစ်​ကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ အရေးကြီးသော သဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ လုံခြုံရေးနှင့် ဘေးကင်းရေးကို အာမခံချက်ပေးရင်း စီးပွားရေးစင်္ကြံအောက်ရှိ အဓိကစီမံကိန်းများကို တည်ငြိမ်စွာ တိုးမြှင့်ဆောင်ရွက်ရန်၊ အရည်အသွေးမြင့် ရပ်ဝန်းနှင့် လမ်းကြောင်း ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ တရုတ်-မြန်မာ အနာဂတ် အသိုက်အဝန်း တည်ဆောက်ရေး ကြိုးပမ်းမှုများကို နက်ရှိုင်းစေရန်နှင့် နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရန် မြန်မာနိုင်ငံနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ​ကြောင်း၊ အိမ်နီးချင်းကောင်းများအနေဖြင့် အပြန်အလှန် အကောင်းဆုံးဖြစ်စေလို​ကြောင်း အာရှ​ရေးရာအထူးကိုယ်စားလှယ်က ​​ပြောကြားသည်။

မူရင်းသတင်း — Eleven Media Group