
မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့နှင့်ကျေးရွာတချို့တွင် မိုးစပါးစိုက်ကွင်းများ ဆစ်ပိုး (Stem Bore) ကျရောက်မှုများရှိနေပြီး ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စပါးခင်းများသို့ ကွင်းဆင်းစစ်ဆေးမှု များလုပ်ဆောင်ခဲ့ကာ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများလုပ်ဆောင်နိုင်ရန် အကြံပြုလမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။
ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ဇင်းကျိုက်ရပ်ကွက် အမှိုက်ကန်လမ်းတစ်လျှေက်၊ ပန်းကုန်းကျေးရွာအတွင်းရှိ လယ်ကွင်းများ၌ ဆစ်ပိုးများကျရောက်နေကြောင်း ဒေသခံစပါးစိုက်တောင်သူတစ်ဦးက ပြောကြားသည်။
၎င်းက ဆက်လက်ပြီး 'မိုးစပါးရိတ်သိမ်းဖို့က ၁၅ ရက်လောက်ပဲ ကျန်တော့တာ။ တစ်ဧက စပါးတင်း ၄၀ လောက်မှန်းထားပေမဲ့ ဆစ်စပါးပိုးကျလို့ တစ်ဧက စပါးတင်း ၂၀ လောက်ပဲ ထွက်တော့မယ်လို့ မှန်းထားပါတယ်။ စပါးအထွက်နှုန်းက လျော့ကျသွားနိုင်ပါတယ်” ဟု ပြောကြားသည်။
ပေါင်မြို့နယ် ဇင်းကျိုက်မြို့အတွင်း ဆစ်ပိုး (Stem Bore) ကျရောက်နေသည့် စပါးစိုက်ခင်းများသို့ အောက်တိုဘာ ၁၅ ရက်က ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကာ တောင်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် အကြံပြုလမ်းညွှန်မှုများပေးခဲ့ကြောင်း သိရသည်။
ဆစ်ပိုးခိုအောင်းနိုင်သည့် စပါးရိတ်သိမ်းပြီး ကျန်ရှိနေသော ရိုးပြတ်များအား ဖယ်ရှားရှင်းလင်းခြင်း၊ နွေစပါးစိုက်ပျိုးရန် လယ်များအား ထွန်ယက်ပါကလည်း ပိုးသတ်ဆေးအသုံးပြုကာ လုပ်ဆောင်ကြရန် တောင်သူများများအား အကြံပြုလမ်းညွှန်ခဲ့ကြောင်း ပေါင်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စွာလှိုင်က ပြောကြားသည်။
၎င်းက ဆက်လက်ပြီး “နွေစပါးပြန်လည်စိုက်ပျိုးနိုင်ဖို့အတွက်ကို စပါးပင်တွေကို မကျပ်သိပ်စေရေးအတွက် ကြဲခင်းစန်းနဲ့ စိုက်ပျိုးခြင်းကို ရှောင်ကြဉ်ကြရမှာဖြစ်ပါတယ်။ ပိုးသတ်ဆေးဖျန်းတဲ့အခါမှာလည်း ဆေးဖျန်းလမ်းကြောင်းများကို ထားရှိကြဖို့၊ အကျိုးပြုဇီဝပိုးများ ရှင်သန်နိုင်ရေးအတွက်ကိုလည်း ပိုးသတ်ဆေးကိုအလွန်အကျွံအသုံးပြုခြင်းကနေ သတိပြုရှောင်ကြဉ်ကြဖို့လည်း လိုအပ်ပါတယ် ” ဟု ပြောကြားသည်။
ထို့ပြင် သက်ဆိုင်ရာက ဖြန့်ဝေရောင်းချပေးထားသည့် ဆစ်ပိုးသတ်ဆေးများကိုလည်း သတ်မှတ်နည်းစနစ် များနှင့်အညီ စနစ်တကျအသုံးပြုကာ ပက်ဖျန်းပေးကြရန်လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့်တောင်သူကိုယ်စားလှယ်များ ပါဝင်သည့် ပိုးမွှားနှိမ်နင်းရေးအထာက်အကူပြုအဖွဲ့များဖွဲ့စည်းကာ ရာသီအလိုက်ပိုးမွှားကျရောက်မှု အခြေအနေများကို အမြဲမပြတ်စောင့်ကြည့်သည့်စနစ် ထူထောင်ဆောင်ရွက်ရန်လည်း ဦးကျော်စွာလှိုင်က တိုက်တွန်းပြောကြားခဲ့သည်။
မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်း မိုးစပါးစိုက်ဧက ၁၃၀၂၇၀၈ ဧကရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
အလားတူ မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ ကျေးရတချို့တွင် စိုက်ပျိုးထားသော မိုးစပါးများလည်း ဆစ်ပိုးကျသည့်အတွက် ထိခိုက်ပျက်စီးမှုများရှိခဲ့ကြောင်း ဒေသခံတောင်သူများ၏ ပြောကြားချက်အရ သိရသည်။