Eleven Media Group

■ အမေရိကန်နှင့် မြန်မာအစိုးရ ဂျပန်တွင် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြ

အမေရိကန်နှင့် မြန်မာအစိုးရ ဂျပန်နိုင်ငံ တိုကျိုမြို့တော်တွင် ပြီးခဲ့သည့် သတင်းပတ်က လျှို့ဝှက်ဆွေးနွေးပွဲများပြုလုပ်ခဲ့ကြောင်း ထိုအကြောင်းအရာနှင့် နီးစပ်သည့် သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း အမေရိကန်အစိုးရက မြန်မာ အာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံမှုမပြုလုပ်သည့် မူဝါဒမှ ခွဲထွက်ပြီး တစ်လအတွင်း ဒုတိယအကြိမ်မြောက် ထိတွေ့ဆက်ဆံမှု ဖြစ်သည်။

စက်တင်ဘာလလယ်က နေပြည်တော်၌ ပြုလုပ်ခဲ့သော ပထမအကြိမ် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ ဖမ်းဆီးခံထားရသည့် အမေရိကန် စီးပွားရေးလုပ်ငန်းရှင် လွတ်မြောက်ရေးနှင့် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားနေသည့် ကျားဖျန့်လုပ်ငန်းများ တိုက်ဖျက်ရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

သို့သော် အဆိုပါ ထိတွေ့ဆက်ဆံမှုများသည် မြန်မာနိုင်ငံ၏ မြေရှားသတ္တု ထုတ်လုပ်မှု အပါအဝင် ပိုမိုကျယ်ပြန့်သော ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများဆီသို့ လမ်းပွင့်သွားစေနိုင်ကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။

တိုကျိုမြို့တော်၌ ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် နှစ်နိုင်ငံကြား ဆွေးနွေးခဲ့သည့် အသေးစိတ် အချက်အလက်များကို အတိအကျ မသိရသေးသော်လည်း အမေရိကန်၏ ယခုကဲ့သို့ အလျှော့အတင်း ပြုလုပ်လာမှုသည် အာရှ-ပစိဖိတ် ဒေသတွင်း မဟာဗျူဟာမြောက် ပြိုင်ဆိုင်မှုများ ပိုမိုပြင်းထန်လာချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ၏ ထိလွယ်ရှလွယ်ရှိသော အခြေအနေကြောင့် အမေရိကန် တာဝန်ရှိသူ တစ်ဦးအပါအဝင် သတင်းရင်းမြစ် အားလုံးက အမည်ထုတ်ဖော် ပြောကြားခြင်း မပြုရန် တောင်းဆိုခဲ့ကြသည်။

တိုကျိုမြို့တော်၌ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေးနှင့် သုတေသနဆိုင်ရာ လက်ထောက်ဝန်ကြီး မိုက်ကယ် ဗန့်စ်က ဦးဆောင်ခဲ့ပြီး အမေရိကန် တာဝန်ရှိသူ ၁၂ ဦးထက်မနည်း ပါဝင်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာအစိုးရဘက်မှ မည်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည် ဆိုခြင်းကိုမူ ရိုက်တာ သတင်းဌာနအနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများနှင့် ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခဲ့ခြင်း မရှိသော်လည်း အမေရိကန်၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရှိ အဖွဲ့အစည်း အားလုံး နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူကလည်း အဆိုပါ ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုမှုကို ပြန်လည် တုံ့ပြန်ခဲ့ခြင်း မရှိပေ။

ဆွေးနွေးပွဲများကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပေးခဲ့သည့် အခန်းကဏ္ဍနှင့် ပတ်သက်ပြီး ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက အီးမေးလ်မှတစ်ဆင့် ထုတ်ပြန်ရာတွင် နှစ်ဘက်စလုံးနှင့် လိုအပ်သလို ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း သံတမန်ရေးရာ အပြန်အလှန် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး အသေးစိတ် မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

စက်တင်ဘာလအတွင်းက နေပြည်တော်၌ ဗန့်စ်နှင့် မြန်မာနိုင်ငံ သမ္မတဦးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့မှုသည် ပိုမိုကျယ်ပြန့်သော ဆွေးနွေးမှုများအတွက် လမ်းစပွင့်သွားစေခဲ့ကြောင်း အဆိုပါ ဆွေးနွေးပွဲများနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခုကဲ့သို့ တိုကျိုတွင် ဆွေးနွေးပွဲများ ဆက်လက် ပြုလုပ်ရန် အလျင်အမြန် စီစဉ်နိုင်ခဲ့ခြင်းသည် နှစ်ဘက်စလုံးအနေဖြင့် အပြန်အလှန် ဆွေးနွေးမှု လမ်းကြောင်းကို ဆက်လက် ထိန်းသိမ်းထားရန် စိတ်အားထက်သန်နေကြောင်း ပြသရာရောက်သည်။

အမေရိကန်ဘက်မှ အဓိက တွန်းအားပေးနေသည့် အချက်မှာ အမေရိကန် နိုင်ငံသားများထံမှ ဒေါ်လာ ဘီလျံပေါင်းများစွာ လိမ်လည်နေသည့် ကျားဖျန့် စခန်းများကို ပိတ်သိမ်းနိုင်ရေးအတွက် မြန်မာအစိုးရ၏ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးဖြစ်ကြောင်း သတင်းရင်းမြစ်များက ဆိုသည်။

မြန်မာအစိုးရကလည်း ကျားဖြန့်စခန်းများကို နှိမ်နင်းရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်နေကြောင်း ပြောကြားထားသည်။

အမေရိကန် တာဝန်ရှိသူများသည် မြန်မာနိုင်ငံရှိ မြေရှားသတ္တုများ ထုတ်ယူရရှိနိုင်ရေး အခွင့်အလမ်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြသည်။

အောက်တိုဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံတမန်တစ်ဦးသည် မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး ယင်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် လူသိရှင်ကြား တွေ့ဆုံမှု ဖြစ်ခဲ့သည်။

အဆိုပါ တွေ့ဆုံမှုသည် စက်တင်ဘာလအတွင်းက ဂျပန် အာဏာရပါတီ လွှတ်တော်အမတ် ဟိရိုမီချီ ဝါတာနာဘေ၏ နေပြည်တော် ခရီးစဉ်အပြီးတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဂျပန်သံတမန်နှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုတွင် ဂျပန်နိုင်ငံသားများ၏ လုံခြုံရေးနှင့် ဂျပန်ကုမ္ပဏီများအတွက် ကူညီပံ့ပိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ပြည်ပ ရင်းနှီးမြှုပ်နှံသည့်နိုင်ငံများထဲတွင် ပါဝင်နေသည်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် အနောက်နိုင်ငံများမှ ကုမ္ပဏီအများအပြားသည် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ကြသော်လည်း ဂျပန်ကုမ္ပဏီ အများအပြားမှာမူ စက်ရုံများနှင့် လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက် ရပ်တည်ကျန်ရှိနေခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဂျပန်ကုမ္ပဏီ ၄၀၀ ထက်မနည်း စီးပွားရေးလုပ်ကိုင်ခဲ့ပြီး လက်ရှိတွင် ကုမ္ပဏီပေါင်း ၃၀၀ ခန့် ဆက်လက် လည်ပတ်လျက်ရှိကြောင်း ဂျပန် ကုန်သွယ်ရေး မြှင့်တင်မှု အေဂျင်စီ (JETRO) ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

မူရင်းသတင်း — Eleven Media Group