
၂၀၀၉ ခုနှစ်က တက္ကဆက်ပြည်နယ် ဖို့ဟုဒ်စစ်စခန်း၌ စစ်သား ၁၃ ဦးကို ပစ်သတ်ခဲ့မှုဖြင့် သေဒဏ်ချမှတ်ခံထားရသူ ဗိုလ်မှူးအဆင့်ရှိ စိတ်ရောဂါအထူးကု ဆရာဝန် နီဒယ် မာလစ် ဟာဆန်ကို ပစ်သတ်ကွပ်မျက်မည့်ဖြစ်စဉ်အား တိုက်ရိုက်ထုတ်လွှင့်ပြသရန် စီစဉ်ထားမှုကို ကမ္ဘာတစ်ဝန်း ဝေဖန်ရှုတ်ချမှုများ ထွက်ပေါ်လာပြီးနောက် ဒေါ်နယ်ထရန့်က ပယ်ဖျက်လိုက်ပြီဖြစ်သည်။
ဟာဆန်ကိုကွပ်မျက်မှု တိုက်ရိုက်ထုတ်လွှင့်ပြသခြင်းဖြင့် အကြမ်းဖက်သမားများကို အမေရိကန်က မည်သို့အပြစ်ပေးသည်ကို သမ္မတထရန့်က ကမ္ဘာအား မြင်စေလိုသည်။ ထိုသို့ပြသခြင်းဖြင့် အလားတူပြစ်မှုများ ထပ်မံမဖြစ်ပွားစေရန် ဟန့်တားနိုင်မည်ဟု ထရန့်က ယူဆသည်။ သို့သော် လူကောင်းများက လူတစ်ဦး ကွပ်မျက်ခံရသည်ကို တိုက်ရိုက်ကြည့်ရှုရန် မလိုလားကြသည့်အတွက် ကွပ်မျက်မှုကို ဆက်လုပ်မည်ဖြစ်သော်လည်း တိုက်ရိုက်ထုတ်လွှင့်မည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း ထရန့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
သို့သော် စစ်စခန်းပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုဝင်များအနေဖြင့် ဆန္ဒရှိပါက ကွပ်မျက်မှုကို ကိုယ်တိုင်လာရောက် ကြည့်ရှုနိုင်သည်ဟု ထရန့်ကပြောသည်။
ဟာဆန်သည် ပစ်ခတ်မှုမကျူးလွန်မီ “အလ္လာဟ်အက်ခဘာ” (ဘုရားသခင်သည် ကြီးမြတ်တော်မူသည်) ဟု အော်ဟစ်ခဲ့သည်။ နောက်ပိုင်းတရားခွင်တွင် ဟာဆန်က အာဖဂန်နစ္စတန်သို့ စစ်သည်များ စေလွှတ်ခြင်းနှင့် အစ္စလာမ်ဘာသာဝင်များ သေဆုံးနေမှုကို ရပ်တန့်စေရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။ ထိုစဉ်က ၎င်းသည် အာဖဂန်သို့ စေလွှတ်ခံရရန် ရက်သတ္တပတ်အနည်းငယ်သာ လိုတော့သည့်အချိန် ဖြစ်သည်။
ပစ်ခတ်မှုကျူးလွန်စဉ် ၎င်းကိုယ်တိုင်လည်း သေနတ်ထိမှန်ခဲ့ရာ ခါးအောက်ပိုင်းသေသွားပြီး ဝှီးချဲကုလားထိုင်ကို အသုံးပြုနေရသည်။ ဒီဇင်ဘာ ၃ ရက်တွင် ဟာဆန်ကို ကွပ်မျက်မည်ဖြစ်ပြီး အမေရိကန်စစ်တပ်တွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ကွပ်မျက်မှုဖြစ်လာမည်။
ကာကွယ်ရေးဝန်ကြီး ပိဟက်ဂ်ဆက်က Real America’s Voice သတင်းဌာနနှင့် အင်တာဗျူးတွင် သေဒဏ်စီရင်မှုကို တိုက်ရိုက်ထုတ်လွှင့်မည့် အစီအစဉ်ကို ထောက်ခံကြောင်းနှင့် “ဒီလိုလုပ်ရပ်မျိုးတွေအတွက် ပြင်းထန်တဲ့အကျိုးဆက်တွေ ရှိတယ်ဆိုတာ လူတွေသိဖို့လိုတယ်” ဟု ဆိုသည်။သို့သော် ယင်းအစီအစဉ်ကို လွှတ်တော်အမတ်များက ဝေဖန်ရှုတ်ချကာ အချို့က အီရန်နှင့် အာဖဂန်နစ္စတန်ကဲ့သို့ အာဏာရှင်ဆန်သည့် နိုင်ငံများ၏ လုပ်ရပ်များနှင့် နှိုင်းယှဉ်ခဲ့ကြသည်။
အမေရိကန်စစ်တပ်၏ စစ်ဗိုလ်ချုပ်ဟောင်းများ၊ ရေတပ်ဗိုလ်ချုပ်ဟောင်းများနှင့် စစ်ဘက်တရားသူကြီးဟောင်းများပါဝင်သည့် အဖွဲ့ကလည်း ပင်တဂွန်ထံ အိတ်ဖွင့်ပေးစာပို့ကာ ကန့်ကွက်ခဲ့ကြသည်။ ထို့ပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ကွပ်မျက်မှုကို ထုတ်လွှင့်ပြသခြင်းသည် လူမြင်ကွင်းတွင် ကွပ်မျက်ခြင်းနှင့်တူသည်ဟု ဝေဖန်ခဲ့ကာ အမေရိကန် ကက်သလစ်ဂိုဏ်းချုပ်များညီလာခံ ဥက္ကဋ္ဌကလည်း ရှုတ်ချကန့်ကွက်ခဲ့သည်။
Ref: The Guardian