Eleven Media Group

မြို့နယ် ၅၅ မြို့နယ်တွင် ထုတ်ပြန်ထားသည် အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ သက်တမ်းထပ်မံတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

မြို့နယ် ၅၅ မြို့နယ်တွင် ထုတ်ပြန်ထားသည် အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ သက်တမ်းထပ်မံတိုးမြှင့်ရန် ပြည်ထောင်စုလွှတ်တော်က အောက်တိုဘာ ၁၆ ရက်တွင် အတည်ပြုဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

မြို့နယ် ၅၅ မြို့နယ်တွင် ထုတ်ပြန်ထားသည် အရေးပေါ်အခြေအနေကို ရက်ပေါင်း ၉၀ သက်တမ်းထပ်မံတိုးမြှင့်ရန်အဆိုကို အောက်တိုဘာ ၁၆ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုလဲ့ခြင်းဖြစ်သည်။

ဝန်းသိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်က မန္တလေးတိုင်း ဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်တို့မှအပ အုပ်ချုပ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ လာခြင်းမရှိသေးသည့် မြို့နယ် ၅၅ မြို့နယ်ကို ထပ်မံ၍ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား နောက်ထပ်ရက်ပေါင်း ၉၀ အထိဆက်လက်အတည် ဖြစ်စေရေးကိစ္စရပ်အား ထောက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ မတည်ငြိမ်မအေးချမ်းသေးသည့် ဒေသများတွင် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကာကွယ် စောင့်ရှောက်ရေးနှင့် အုပ်ချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက် နိုင်ရေးတို့အတွက် ဥပဒေနှင့်အညီ လိုအပ်သည့် အစီအမံများဆောင်ရွက်ခြင်းသည် အရေးကြီးပါကြောင်း၊ အရေးပေါ်အခြေအနေတစ်ရပ်ကို ကိုင်တွယ် ဖြေရှင်းရာတွင် အမိန့်တစ်ရပ်ထုတ်ပြန်ခြင်း၊ အုပ်ချုပ်ရေးစနစ်တစ်ရပ် ပြောင်းလဲကျင့်သုံးခြင်းတို့ဖြင့်သာ လုံလောက်သည်ဟု ပြော၍မရဘဲ အဆိုပါဆောင်ရွက် မှုများကြောင့် ပြည်သူများလုံခြုံရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပြန်လည်ရရှိမှုကို လက်တွေ့ရလဒ်များဖြင့်တိုင်းတာကြရမည် ဖြစ်ကြောင်း၊ သို့ဖြစ်၍ မူလအခြေအနေသို့ ပြန်လည် ရောက်ရှိခြင်းမရှိသေးသည့် (၅၅) မြို့နယ်အား အရေးပေါ်အခြေအနေနှင့် စစ်အုပ်ချုပ်ရေးသက်တမ်းဆက်လက်ထားရှိခြင်းနှင့်အတူ ပြည်သူများ၏ နေ့စဉ် ဘဝပြန်လည်တိုးတက်ကောင်းမွန်ရေးကိုပါ တစ်ပြိုင်တည်း ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် ထောက်ခံဆွေးနွေးတင်ပြခဲ့သည်။

ထို့အတူ သီပေါမဲဆန္ဒနယ် ဦးကောင်းသက်စံကလည်း လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အချို့သောအဖွဲ့အစည်းများက တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း စစ်ဘုရင်ဝါဒကို အသက်သွင်းနေကြသဖြင့် ပြည်သူများဒုက္ခမျိုးစုံ ခံစားနေကြရသဖြင့် ယင်းအခြေအနေကို သတိထားကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ်ပါကြောင်း၊ မည်သို့ပင်စစ်ဘုရင်ဝါဒဖြင့် အုပ်ချုပ်စေကာမူ အချိန်တန်ပါကဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကာ ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးသည် လမ်းညွှန်မြေပုံဖြစ်ပြီး တည်ငြိမ်အေးချမ်းရေးသည် ယာဉ်၏ဘီးဖြစ် သဖြင့် လမ်းညွှန်မြေပုံမရှိလျှင် ဦးတည်ရာပျောက်နိုင်ပြီး ဘီးမရှိလျှင် ခရီးမဆန့်နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်၏ ရှေ့ခရီးအောင်မြင်စေရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစွာတည်ဆောက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသည့်အပြင် ပြည်သူများဘဝ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေး ဆက်လက်လိုအပ်လျက်ရှိသဖြင့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အား ဆက်လက်အတည်ဖြစ်စေရန် လေးနက်စွာထောက်ခံကြောင်း ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားသည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ထပ်မံ၍ ရက်ပေါင်း ၉၀ အထိ ဆက်လက်အတည်ဖြစ်စေရေးကို လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် လွှတ်တော်က အတည်ပြုကြောင်းကြေညာခဲ့သည်။

ယခုကဲ့သို့ သက်တမ်းတိုးမြှင့်သည့် မြို့နယ် ၅၅ မြို့နယ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယား (ကရင်နီ) ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ မြို့နယ်များ ပါဝင်ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group