
လျှပ်စစ်ကဏ္ဍတွင် စီမံကိန်းဘတ်ဂျက်ကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးဘဲ လျှပ်စစ်ပြတ်တောက်မှုများ ကြုံတွေ့နေရသောကြောင့် စာရင်း ပိုငွေပြနိုင်ရုံမျှဖြင့် အောင်မြင်မှုဟု မသတ်မှတ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၈) ဦးကြည်လင်းထက်က ဆွေးနွေးပြောကြားသည်။
အောက်တိုဘာ ၁၆ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ယင်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁/၂၀၂၆) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးရာ၌ ၎င်းက အထက်ပါအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။
ဦးကြည်လင်းထက်က စီမံကိန်းပါအချက်အလက်များအရ ပုံသေဈေးနှုန်းဖြင့် တွက်ချက်ထားသော GDP တွင် လယ်ယာကဏ္ဍအချိုးအစား လျော့နည်းလာသဖြင့် အမှန်တကယ်ကုန်ထုတ်စွမ်းအား၊ စိုက်ပျိုးမြေ ဧကအလိုက်အထွက်နှုန်းနှင့် တောင်သူဝင်ငွေတို့ကို အသေးစိတ်စစ်ဆေးသုံးသပ်ရန် လိုအပ်ပြီး တောင်သူများ ဝင်ငွေကျဆင်းပါက ကုန်စည်စားသုံးမှု၊ ကျေးလက်ဈေးကွက်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်ဖန်တီးနိုင်မှုတို့အပေါ် ဆင့်ပွားထိခိုက်နိုင်သောကြောင့် GDP အချိုးအစားသာမက ပို့ကုန်တိုးတက်မှုနှင့် ရေရှည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကိုပါ ဆက်စပ်ရေး ဆွဲသင့်ပါကြောင်း ဆွေးနွေးခဲ့သည်။
ထို့ပြင် လျှပ်စစ်ကဏ္ဍတွင် သာမန်စာရင်းပိုငွေ ပြသနိုင်သော်လည်း စီမံကိန်းဘတ်ဂျက်ကို အပြည့်အဝ အကောင်အထည်မဖော်နိုင်သေးဘဲ လျှပ်စစ်ပြတ်တောက်မှုများ ကြုံတွေ့နေရဆဲဖြစ်ရာ စာရင်း ပိုငွေပြနိုင် ရုံမျှဖြင့် အောင်မြင်မှုအဖြစ် မသတ်မှတ်ဘဲ စီမံကိန်းများ အချိန်မီပြီးစီးမှုနှင့် ပုံမှန်ဓာတ်အား ဖြန့်ဖြူးပေးနိုင်စွမ်းတို့ကို အလေးထားချိတ်ဆက် သုံးသပ်ရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသား စီမံကိန်းအကောင် အထည်ဖော်ရာတွင် ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များနှင့်အညီ ကဏ္ဍအလိုက် ထုတ်လုပ်မှုတိုး တက်နှုန်း၊ ဘတ်ဂျက် အသုံးပြုနိုင်မှုနှင့် စီမံကိန်းပြီးစီးမှုတို့ကို ဘက်စုံ ချိတ်ဆက်အကဲဖြတ်ကာ ပြည်သူများလက်တွေ့ အကျိုးခံစားရမည့်ရလဒ်အခြေပြု စီမံကိန်းစနစ် ပိုမိုအားကောင်းစေရန် လိုအပ်ကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။
ထို့အတူ မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးမြင့်စန်းက နိုင်ငံ၏စီးပွားရေးကဏ္ဍ မြှင့်တင် ရန်အတွက် အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများကို ဦးစားပေး၍ ဘဏ္ဍာငွေပံ့ပိုးပေးရန်၊ စက်ရုံမြေနေရာများနှင့် အလုပ်သမားများနေထိုင်ရန် အိမ်ရာများဖော်ထုတ်ပေးရန်၊ အလုပ်သမားမိသားစုများ တရားဝင် နေထိုင်လုပ်ကိုင်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်၊ MSME လုပ်ငန်းရှင်များ တောင်းဆိုထားသည့် စက်ရုံမြေနေရာများနှင့် အိမ်ရာမြေနေရာများကို အသိအမှတ်ပြုပေးရန်၊ ကုန်ကြမ်းဝယ်ယူရာတွင် ငွေကြေးကိစ္စနှင့် လျှပ်စစ်ဓာတ်အား၊ စက်သုံးဆီများရရှိရေးနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားရာတွင် အမြန်ရရှိရေးဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် အစီရင်ခံစာတင်ပြချက်ကို ထောက်ခံပါကြောင်း ဆွေးနွေးခဲ့သည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး(ခ) ဦးတင်ဦး၊ မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၊ ချင်းပြည်နယ် ကိုယ်စားလှယ် အမှတ် (၁၁) ပီကျိန်ငိုက်မန်၊ ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်နှင့် ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း တို့ကလည်း အကြံပြုထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းအစီအစဉ်တို့ကိုဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားကြောင်း အသိပေးကြေညာခဲ့သည်။
လက်ရှိတွင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ်များတွင် အုပ်စုနှစ်စုခွဲ၍လည်းကောင်း၊ အုပ်စုလေးစု ခွဲ၍လည်းကောင်း လျှပ်စစ်ဓာတ်အားကို အလှည့်ကျ ဖြန့်ဖြူးပေးလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။