Eleven Media Group

■ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းအချို့၌ လိုငွေပြမှုများ ရှိနေခြင်းက ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေး တည်ငြိမ်မှုကို အားနည်းစေနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

■ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းအချို့၌ လိုငွေပြမှုများ ရှိနေခြင်းက ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေး တည်ငြိမ်မှုကို အားနည်းစေနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဆွေးနွေး

■ လိုငွေကို ဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်းပေးခြင်းထက် လိုငွေဖြစ်ပေါ်ရသည့် အကြောင်းရင်းကို သေချာစိစစ်၍ ပြုပြင်ရေးအစီအစဉ်များချမှတ်ရန်လိုအပ်ဟု ဆို

နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းအချို့တွင် လိုငွေပြမှုများရှိနေခြင်းသည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအပေါ် ဖိအားတိုးစေနိုင်သည့်အပြင် ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေး တည်ငြိမ်မှုကို အားနည်းစေနိုင်ကြောင်း မလှိုင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက ဆွေးနွေးပြောကြားသည်။

အောက်တိုဘာ ၁၆ ရက်က ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် ယင်းအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ(၁/၂၀၂၆) တို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များကဆွေးနွေးရာ၌ ၎င်းက အထက်ပါအချက်ကို ထည့်သွင်းဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ဦးအောင်ကျော်သူက နိုင်ငံတော်ပိုင် စီးပွားရေးအဖွဲ့အစည်းအချို့တွင် လိုငွေပြမှုများရှိနေခြင်းသည် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေအပေါ် ဖိအားတိုးစေနိုင်သည့်အပြင် ရေရှည်တွင် နိုင်ငံ၏ဘဏ္ဍာရေး တည်ငြိမ်မှုကို အားနည်းစေနိုင်ကြောင်း၊ လိုငွေကို ဘဏ္ဍာရန်ပုံငွေမှ ဖြည့်ဆည်း ပေးခြင်းထက် လိုငွေဖြစ်ပေါ်ရသည့် အကြောင်းရင်း ကို သေချာစိစစ်၍ ပြုပြင်ရေးအစီအစဉ်များချမှတ်ရန်လိုအပ်ပြီး ဘက်ပေါင်းစုံမှ ပြန်လည်ရှုမြင်သုံးသပ် ဆောင်ရွက်ခြင်းဖြင့် ရလဒ်ကောင်းများ ပေါ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

လိုငွေဖြစ်ပေါ်နေသည့် လုပ်ငန်းတိုင်းသည် စီမံခန့်ခွဲမှုမှားယွင်းမှုကြောင့်ဟု တစ်ထစ်ချ သတ်မှတ်၍မရဘဲ ကုန်ကြမ်းနှင့်စွမ်းအင်စရိတ်မြင့်မားခြင်း၊ စက်ပစ္စည်းများ ပြုပြင်ထိန်းသိမ်းစရိတ် များပြားခြင်း၊ ရောင်းချရသည့်ဈေးနှုန်းထက် ထုတ်လုပ်မှုစရိတ် ပိုမိုများပြားခြင်း၊ ပြည်သူများအတွက် ဝန်ဆောင်ခကို ကုန်ကျစရိတ်အောက် လျှော့ချသတ်မှတ်ထားခြင်းနှင့် လုပ်ငန်းလည်ပတ်မှု၊ ထိရောက်မှုနည်းပါးခြင်းတို့လည်း ဆက်စပ်နှီးနွှယ်နေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း ၎င်းက ဆွေးနွေးခဲ့သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးသန်းအေး(ခ) ဦးတင်ဦးကလည်း ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရေးပဋိပက္ခဖြစ်ပွားခြင်း၊ ရာသီဥတုဖောက်ပြန် ခြင်း၊ တရားဥပဒေစိုးမိုးမှုကျဆင်းခြင်း၊ လုပ်သား ရှားပါးခြင်း၊ သယ်ယူပို့ဆောင်ရေး ခက်ခဲမှုစသည့်တို့ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၂၆ ခုနှစ်တွင် စက်မှုထုတ်ကုန်များ ဝယ်လိုအားမြင့် တက်လာနိုင်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ အားကောင်းလာနိုင်ခြင်း စသည့်အခြေအနေများကြောင့် စီးပွားရေးအခြေအနေ တိုးတက်လာနိုင်ပါကြောင်း၊ ပြည်သူများ စားဝတ်နေရေးအဆင်ပြေပြီး တစ်မျိုးသားလုံး စီးပွားရေး တိုးတက်ရန်နှင့် စီးပွားရေးစီမံကိန်းများ အောင်မြင်စွာအကောင်ထည်ဖော်နိုင်ရန်အဓိက လိုအပ်ချက်မှာ နိုင်ငံတစ်ဝန်းအေးချမ်းတည်ငြိမ်ပြီး တရားဥပဒေ စိုးမိုးမှုရှိခြင်း၊ လမ်းပန်းဆက်သွယ်မှု အဆင်ပြေ ချောမွေ့လွယ်ကူခြင်းတို့ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းပြီးကုန်စည်စီးဆင်းမှုများလွယ်ကူ မြန်ဆန်လာစေခြင်း၊ အရှုံးပေါ်နေသည့် နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ စက်ရုံများကို ပြန်လည်သုံးသပ်ပြီး အကျိုးအမြတ်ရှိစွာ ဆက်လက်ဆောင်ရွက်ကာ ပြည်သူများ၏ စားဝတ်နေရေးပြည့်စုံအောင် ဆောင်ရွက်ပေး စေလိုကြောင်း ဆွေးနွေးခဲ့သည်။

အလားတူ မန္တလေးတိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ် (၁၀) ဦးမြင့်စန်း၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားလှယ်အမှတ်(၈) ဦးကြည်လင်းထက်၊ ချင်းပြည်နယ်ကိုယ်စားလှယ် အမှတ် (၁၁) ပီကျိန်ငိုက်မန်၊ ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်နှင့် ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း တို့ကလည်း အကြံပြုထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယကက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏အဆုံးအဖြတ် ရယူခြင်းအစီအစဉ်တို့ကိုဆက်လက်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်ရန်လျာထားကြောင်း အသိပေးကြေညာခဲ့သည်။

မူရင်းသတင်း — Eleven Media Group