
အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က ရုရှားအပေါ် ပိတ်ဆို့မှုများကို ဆိုင်းငံ့ပေးခဲ့ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအပေါ် သက်ရောက်မှုများကိို ဆန်းစစ်လေ့လာရန်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက အောက်တိုဘာ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
“ပိတ်ဆို့အရေးယူမှုတွေနဲ့ ကုန်သွယ်ခွန်တွေဟာ ကမ္ဘာ့စီးပွားရေးနဲ့ အမေရိကန် စီးပွားရေးအပေါ် ဘယ်လို သက်ရောက်မှုတွေ ရှိမလဲဆိုတာကို လေ့လာဆန်းစစ်ဖို့အတွက် သမ္မတဟာ ရက် ၆၀ ကြာ အချိန်ယူချင်တာ ဖြစ်ပါတယ်” ဟု ရူဘီယိုက ပြောကြားခဲ့ပြီး အဆိုပါစီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များတွင် ရုရှားတစ်နိုင်ငံ တည်း မဟုတ်ဘဲ အခြားနိုင်ငံများလည်း ပါဝင်ကြောင်း မှတ်ချက်ပြုခဲ့သည်။
အမေရိကန်၏ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှုနှင့် ယီမင်ရှိ ဟူရ်သီအဖွဲ့၏ ဆော်ဒီအာရေဗျအပေါ် တိုက်ခိုက်မှုများ အပါအဝင် မတူညီသော ပဋိပက္ခများသည် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများအပေါ် သက်ရောက်မှုများရှိနေကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ဒီပဋိပက္ခတွေဟာ တစ်ခုနဲ့တစ်ခု ရိုက်ခတ်မှုတွေရှိနေပြီး၊ ဒါတွေဟာ ကမ္ဘာ့ရေနံ နဲ့ ဒီဇယ်ဆီ စျေးနှုန်းတွေအပေါ်တင်မကဘဲ စီးပွားရေးအပေါ်မှာပါ သက်ရောက်မှုတွေ ရှိလာနေပါတယ်” ဟု ရူဘီယိုက ဆိုသည်။
ထရန့်ကမူ ၎င်း၏ ဆုံးဖြတ်ချက်သည် အမေရိကန်နိုင်ငံအတွက် အကျိုးရှိစေလိမ့်မည်ဟု အောက်တိုဘာ ၁၇ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။
“ကျွန်တော်တို့ အဖြေရှာသွားမှာပါ။ ခေတ္တစောင့်ကြည့်ရင် ခင်ဗျားတို့လည်း သိလာရပါလိမ့်မယ်။ ဒါဟာ လွန်စွာကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး၊ တိုင်းပြည်အတွက်ရော ကမ္ဘာကြီးအတွက်ပါ အကျိုးရှိစေမယ့် ဆုံးဖြတ်ချက်မျိုး ဖြစ်လာမှာပါ” ဟု ထရန့်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက လွှတ်တော်က အတည်ပြုခဲ့သည့် ရုရှားနိုင်ငံအား ပစ်မှတ်ထားသော ဘက်စုံပိတ်ဆို့အရေးယူမှု များနှင့် ကုန်ခွန်များကို ဆိုင်းငံ့ပေးခဲ့သည့် သမ္မတ၏ အမိန့်ညွှန်ကြားချက်ကို အောက်တိုဘာ ၁၆ ရက်တွင် ထရန့်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် အမေရိကန်၏ ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်တစ်ပါတီ နှစ်ရပ်စလုံးမှ လွှတ်တော်အမတ်များက ၎င်းအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
Ref:AFP