



နေပြည်တော်၊ အောက်တိုဘာ ၁၈
၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပမည့် (၂၇)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယသမ္မတဒေါ်နန်းနီနီအေးနှင့်အဖွဲ့ဝင်များသည် ဖွင့်ပွဲအခမ်းအနားနှင့်ဘာသာရပ်များ အလိုက်ပြိုင်ပွဲများကျင်းပမည့် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁(MICC-I)၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားပြတိုက်၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နေပြည်တော်တည်းခိုရေးစခန်းတို့သို့သွားရောက်၍ အခမ်းအနားအစီအစဉ်အလိုက် ပြင်ဆင်ဆောင်ရွက်နေမှု၊ ပြိုင်ပွဲအမျိုးအစားများအလိုက် ပြိုင်ပွဲဝင်များစိတ်အေးချမ်းသာစွာဖြင့် အနုပညာစွမ်းရည်များဖော်ထုတ်ယှဉ်ပြိုင်နိုင်ရန်အတွက် ခန်းမများ၊ မီး/အသံစနစ်၊ နေရာထိုင်ခင်းများပြင်ဆင်ထားရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းများ ကြိုတင်စုဖွဲ့ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အကဲဖြတ်ဒိုင်လူကြီးများအမှတ်ပေးရာတွင် အဆင်ပြေချောမွေ့စေရေးစီစဉ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းပြသကြသည်။
ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဒုတိယသမ္မတက ဖွင့်ပွဲအခမ်းအနားသည် ပြိုင်ပွဲကြီးတစ်ခုလုံး၏ပုံရိပ် ဖြစ်သဖြင့် အခမ်းအနားအစီအစဉ်များ၊ အသံ/ မီး စနစ်နှင့် နောက်ခံ LED Display များ စနစ်တကျဖြစ် စေရေး၊ ဖျော်ဖြေရေးအဖွဲ့များစနစ်တကျ ဖျော်ဖြေတင်ဆက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများဆောင်ရွက်ရန်၊ အခမ်းအနားတက်ရောက်ကြမည့် ဧည့်သည်တော်များ နေရာချထားရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို လစ်ဟင်းမှုမရှိစေရေး အထူးဂရုပြုဆောင်ရွက်သွားကြရန်၊ ပြိုင်ပွဲဝင်များယှဉ်ပြိုင်ရာတွင် လိုအပ်သည့်အထောက်အကူပြုပစ္စည်းများ၊ နည်းပညာဆိုင်ရာကိစ္စရပ်များ လစ်ဟင်းမှုမရှိစေရေး ကြိုတင်ပြင်ဆင်ထားရှိရန်၊ ခန်းမများအတွင်းလေအေးပေးစနစ်နှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး အမြဲမပြတ်စစ်ဆေးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။
နေပြည်တော်တည်းခိုရေးစခန်း၊ နေပြည်တော်စည်ပင်ဧည့်ရိပ်သာ(၂)သို့ရောက်ရှိစဉ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ပြိုင်ပွဲဝင်အဖွဲ့များနှင့် အကဲဖြတ်ဒိုင်များအဖြစ် စိတ်ရောကိုယ်ပါ ကူညီဆောင်ရွက်ပေးကြမည့် ဝါရင့်အနုပညာရှင်ကြီးများ၏ နေထိုင်စားသောက်မှုအဆင်ပြေချောမွေ့စေရေးအတွက် အိပ်ဆောင်များ၊ စားရိပ်သာ၊ စားသောက်ဆိုင်များနှင့် လူသုံးကုန်အရောင်းဆိုင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဆပ်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဒုတိယသမ္မတက ပြိုင်ပွဲဝင်များနှင့် ဒိုင်အဖွဲ့များတည်းခိုနေထိုင်မည့်အဆောင်များတွင် ရေ၊ မီးလုံလောက်စွာရရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ အာဟာရပြည့်ဝပြီး သန့်ရှင်းလတ်ဆတ်သည့် အစားအသောက်များကို စနစ်တကျကျွေးမွေးနိုင်ရေး၊ အယ်လ်နီညိုရာသီဥတုအရှိန်ကြောင့် နေ့ရက်အလိုက်အပူအအေးမမျှတခြင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းများနှင့်ကြုံတွေ့ရနိုင်သဖြင့် ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများနှင့်ဒိုင်အဖွဲ့များ ကျန်းမာရေးတစ်စုံတစ်ရာ ထိခိုက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အထူးဂရုပြုစီမံထားရန်နှင့် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ဇာတ်တော်ကြီးပြိုင်ပွဲကျင်းပမည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ခန်းမရှိ လေဟာပြင်ဇာတ်ရုံသို့ သွားရောက်၍ လေဟာပြင်ကဇာတ်ရုံအတွင်း ဇာတ်တော်ကြီးပြိုင်ပွဲ ကပြယှဉ်ပြိုင်ရန်အတွက် ပြင်ဆင်ထားရှိမှု၊ အကဲဖြတ်ဒိုင်လူကြီးများနှင့် လာရောက်ကြည့်ရှုအားပေးကြမည့် မိဘပြည်သူများအတွက် နေရာထိုင်ခင်းစီစဉ်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒုတိယသမ္မတက ဇာတ်တော်ကြီးပြိုင်ပွဲသည် မြန်မာ့ရိုးရာဇာတ်သဘင်အနုပညာအဆင့်အတန်းကိုဖော်ညွှန်းသည့် ပြိုင်ပွဲကြီးဖြစ်သဖြင့် ပြိုင်ပွဲဝင်အဖွဲ့များ၏ အနုပညာစွမ်းရည်များအား အပြည့်အဝဖော်ထုတ်ကပြယှဉ်ပြိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံကို စနစ်တကျကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန် မှာကြားသည်။
၂၀၂၆ ခုနှစ် (၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ မပျောက် ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများမပျောက်ပျက်စေရေးနှင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသည့် အမျိုးသားရေးစိတ်ဓာတ်ပိုမိုထွန်းကားပြန့်ပွားစေရေး၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍတွင် ယဉ်ကျေးမှုအနုပညာစွမ်းအားဖြင့် တစ်တပ်တစ်အားပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည့်ဦးတည်ချက်(၄)ရပ်ဖြင့် အောက်တိုဘာ ၂၁ ရက်မှ ၂၉ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် စုစုပေါင်း ၂၄၀၀ ကျော် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
#News #Myanmar