Eleven Media Group

ရီးယဲလ်ကစားသမားဟောင်း ရာမို့စ်ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း ဂီတာဖေးအသင်းဥက္ကဋ္ဌ အတည်ပြု

Photo: X

ဂီတာဖေးအသင်းဥက္ကဋ္ဌ အိန်ဂျယ်တောရက်စ်က ရီးယဲလ်မက်ဒရစ်ကစားသမားဟောင်း ရာမို့စ်ကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း အတည်ပြုပြောကြားခဲ့သည်။
အသက်(၄၀)ရှိပြီဖြစ်သည့် စပိန်လက်ရွေးစင်နောက်ခံကစားသမားဟောင်း ရာမို့စ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် မွန်တာရေးအသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူဖြစ်သည်။
ရာမို့စ်က ကစားသမားဘဝမှ အနားယူလိုခြင်း မရှိသေးသည့်အတွက် ဂီတာဖေးအသင်းက ခေါ်ယူရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။
အိန်ဂျယ်တောရက်စ်က ဆာဂျီယိုရာမို့စ်၏ အေးဂျင့်အဖြစ် ဆောင်ရွက်နေသည့် ၎င်း၏ ညီအစ်ကိုတော်စပ်သူ ရီနီရာမို့စ်နှင့် တိုက်ရိုက်ဆက်သွယ်ကာ ဆွေးနွေးနေခြင်းဖြစ်ကြောင်း၊ ယခု မခေါ်ယူနိုင်လျှင်လည်း လာမည့် ဇန်နဝါရီစျေးကွက်၌ ခေါ်ယူဖွယ်ရှိကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂီတာဖေးအသင်းသည် ရီးယဲလ်အသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် စပိန်နောက်ခံလူ ကာဗာဟယ်လ်(၃၄ နှစ်)ကိုလည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ခေါ်ယူကာ ရာသီကုန်အထိ စာချုပ်ချုပ်ဆိုထားသည်။
ရာမို့စ်ကို ခေါ်ယူနိုင်ခဲ့မည်ဆိုပါက ရီးယဲလ်ကစားသမားဟောင်းနှစ်ဦး၏ တစ်ကျော့ပြန်တွဲဖက်ကစားမှုကို မြင်တွေ့ရမည်ဖြစ်သည်။
ရာမို့စ်သည် ရီးယဲလ်အသင်းတွင် ပွဲပေါင်း(၆၇၁)ပွဲကစားခဲ့သူဖြစ်ပြီး ကာဗာဟယ်လ်က (၄၅၁)ပွဲ ကစားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group