Eleven Media Group

အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းအား တပ်မတော်စစ်​ကြောင်းများက ပြန်လည်ထိန်းချုပ်

အင်းတော်-ဝန်းသို- ကောလင်း လမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းအား တပ်မတော်စစ်​ကြောင်းများက ပြန်လည်ထိန်းချုပ်ခဲ့​ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများက ပြည်သူလုထုအတွက် အဓိကအရေးပါသော လက်နက်ကိုင်အဖွဲ့များ ယာယီစိုးမိုးထားသည့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လက်နက်ကိုင်အဖွဲ့များ ယာယီစိုးမိုးထားခဲ့သည့် မြို့ရွာများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများအား တစ်ခုပြီးတစ်ခု ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ကာ မန္တလေး- မတ္တရာ-သပိတ်ကျင်း- တကောင်း - ထီးချိုင့်- ကသာ- အင်းတော်- မော်လူး- နန့်စီးအောင်- မိုးညှင်း-မိုးကောင်း- မြစ်ကြီးနား ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ကိုလည်း ၂၀၂၆ ခုနှစ် မေ ၆ ရက်တွင် အပြည့်အဝထိန်းချုပ်၍ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

ထို့​နောက် အင်းတော်- ဝန်းသို- ကောလင်းလမ်းကြောင်းနှင့် အင်းတော်-မအူကုန်း-ကျောက်တန်း လမ်းကြောင်းပေါ်ရှိ လက်နက်ကိုင်အဖွဲ့များ၏ အခြေပြုစခန်းများကို ရှင်းလင်းနိုင်ရေး တပ်မတော်စစ်ကြောင်းများက ဆောင်ရွက်ခဲ့ရာ အောက်တိုဘာ ၅ ရက်တွင် လယ်နောင်ကျေးရွာနှင့် ကမ်းနီကျေးရွာတို့အားလည်းကောင်း၊ အောက်တိုဘာ ၉ ရက်တွင် ပင့်သချေ ကျေးရွာ၊ မဲဇာကျေးရွာ၊ လယ်ဇင်ကျေးရွာနှင့် နန့်သဲကျေးရွာတို့အား လည်းကောင်း၊ အောက်တိုဘာ ၁၂ ရက်တွင် ကျောက်တော ကျေးရွာအနီးရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ စခန်း (၁)ခုနှင့် ကြိမ်ချောင်းကျေးရွာ တို့အားလည်းကောင်း၊ အောက်တိုဘာ ၁၃ ရက်တွင်ဘပိန်းအင်းကျေးရွာအား လည်းကောင်း၊ အောက်တို ဘာ ၁၄ ရက်တွင် ဆင်ကုန်း ကျေးရွာအား လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် ညောင်ကိုင်းကျေးရွာနှင့် ထန်းတပင်ကျေးရွာတို့အား လည်းကောင်း၊ အောက်တိုဘာ ၁၈ ရက်တွင် နမ်းခမ်းကျေးရွာ၊ လယ်ပြင်ကျေးရွာနှင့် မအူကုန်းကျေးရွာတို့အား ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် အဆိုပါလမ်းကြောင်းပေါ်ရှိ ကျေးရွာများအား ပြန်လည်သိမ်းပိုက်ရရှိရေး လက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲကြီး/ငယ်ထိတွေ့မှု စုစုပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လက်နက်ကိုင်အဖွဲ့များထံမှ အလောင်း ၁၈ လောင်း၊ လက်နက်မျိုးစုံ ၁၉ လက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့​ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် ပြည်သူလူထု လိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့ကို ပြန်လည်ဖော်ဆောင်ပေးနိုင်ရန်အတွက် လိုအပ်သည်များကို ပြည်သူလူထုနှင့် လက်တွဲ၍ ဆက်လက်ဖော်ဆောင်ပေးမည်ဖြစ်ပြီး နယ်မြေလုံခြုံရေးလုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မူရင်းသတင်း — Eleven Media Group