
တောင်ကြီးမြို့၊ ကံကြီးရပ်ကွက် ၊ SSSCCI ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံး၌ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) အသိပညာပေး သင်တန်းကို အောက်တိုဘာ ၁၇ ရက် နှင့် ၁၈ ရက် နှစ်ရက်ကျင်းပကြောင်း သိရသည်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အိမ်ခြံမြေ အကျိုးဆောင်များနှင့် အဖိုးတန် သတ္တုရောင်းဝယ်သူများဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့ လမ်းညွန်မှုဖြင့် ရှမ်းပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှု အသင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရွှေလုပ်ငန်းရှင်များ အသင်း တို့မှ ပူးပေါင်း ကျင်းပသော ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး (AML/CFT) အသိပညာပေး သင်တန်း ကို ကဏ္ဍအလိုက် သင်တန်းများ ပို့ချနေခြင်း ဖြစ်သည်။
အဆိုပါ နှစ်ရက်တာ သင်တန်းတွင် ပထမရက်၌ ရှမ်းပြည်နယ် ပြည်တွင်း အခွန်များဦးစီးဌာန ၊ ရှမ်းပြည်နယ် ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာန ၊ ပင်းတယမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ရှမ်းပြည်နယ် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန တို့မှ သက်ဆိုင်ရာ သင်တန်းများ ပို့ချခြင်း ဖြစ်ကာ ၊ ရှမ်းပြည်တောင်ပိုင်း မြို့နယ်ပေါင်း ၁၀ မြို့နယ် မှ အသင်းသား ၆၀၀ ကျော် တက်ရောက် သင်ကြားနေကြောင်း သိရသည်။
ဥပဒေ အရ လိုအပ်ချက်ကြောင့် အိမ်ခြံမြေ လုပ်ငန်း ဆောင်ရွက်သူတိုင်း အသင်း ဝင်ကြရန် အိမ်ခြံမြေ အသင်း မှ တိုက်တွန်း ပြောကြားသည်။
“အိမ်ခြံမြေ အကျိုးဆောင် လုပ်ကြမယ့်သူတိုင်းဟာ အသင်းဝင် သင့်ပါတယ်။ အသင်းဝင် တာ အခြေခံ အဆင့် ဖြစ်ပါတယ်။ အသင်းဝင်ပြီးမှသာလျှင် ငွေကြေး ခဝါချ သင်တန်း နဲ့ ဥပဒေ အရ ပြဋ္ဌာန်း ထားတဲ့ သင်တန်းတွေ တက်ပြီးမှ ထွေ အုပ် လိုင်စင် ရပြီးမှ ခုခေတ်မှာ ဥပဒေ အရ တရားဝင် လုပ်ငန်း ဖြစ်တယ်။ အသိအမှတ်လည်း ပြုတယ်။ အိမ်ခြံမြေ အသင်း မဝင်ဘဲ သင်တန်း မတက်ဘဲ အကျိုးဆောင် လုပ်ငန်းကို လုပ်လို့ မရတော့ပါဘူး။ သင်တန်း မရှိ လိုင်စင် မရှိဘဲ၊ ထွေအုပ် လက်မှတ် မရှိဘဲ လုပ်ကိုင် ခြင်းဟာ တရားမဝင် မှောင်ခို လုပ်ငန်း လို ဖြစ်သွားပါပြီ။” ဟု ရှမ်းပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌ (၃) ဦးမျိုးမြင့်ဆွေက ပြောကြားသည်။
သင်တန်း ဒုတိယရက်တွင် အိမ်ခြံမြေ ဝန်ဆောင်မှု ပညာရှင် ဦးဝင်းမြင့် ၊ ငွေကြေးဆိုင်ရာ အကြံပြုချက် စံနှုန်းများ၊ နည်းပညာများ နှင့် လုပ်ထုံးလုပ်နည်းများအား ဆင့်ပွားသင်တန်းကို ဒု-ဥက္ကဌ ဦးကျော်တင့် ၊ Systematic scales and Essential Skills of Customer services in Real Estate Sector အကြောင်း ကို ဦးကျော်မင်းဦး မှ လည်းကောင်း သင်ကြား ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ နှင့် အိမ်ခြံမြေ အကျိုးဆောင် အသိအမှတ်ပြု မှတ်ပုံတင်များအား စနစ်တကျ လျှောက်ထားခြင်း မရှိဘဲ အိမ်ခြံမြေ ရောင်းဝယ်ငှား ဝန်ဆောင်မှု လုပ်ငန်း များ လုပ်ကိုင်နေသူများအတွက် ဥပဒေ ပုဒ်မ (၆၃) (ဃ) တွင် မည်သူမဆို ပုဒ်မ ၅၃ ၊ ပုဒ်မခွဲ (ဃ) သို့မဟုတ် ပုဒ်မ ၅၇ ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို အနည်းဆုံး ထောင်ဒဏ် ၆ လ မှ အများဆုံး ထောင်ဒဏ် ၂ နှစ် အထိ ကျပ်သန်း ၃၀၀ ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ် ခံရမည်ဟု ဖော်ပြထားသည်။
“ကျွန်တော်တို့ ရှမ်းပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကနေ ပေးအပ်မယ့် အိမ်ခြံမြေ အကျိုးဆောင် အသိအမှတ်ပြု လက်မှတ်ကို ဒီနေ့မှာ သင်တန်း ပြုလုပ်နေတာ ဖြစ်ပါတယ်။ ငွေကြေး ခဝါချ အသိပညာမြှင့် ဆွေးနွေးပွဲ အိမ်ခြံမြေ အခြေခံ ပညာရပ်တွေ ပါပါမယ်။ ဒီပညာရပ် တွေ တတ်မြောက်ပြီးမှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ က ပေးအပ်မယ့် အိမ်ခြံမြေ အကျိုးဆောင် အသိအမှတ်ပြု လက်မှတ် ကို လျှောက်တင်နိုင်မှာ ဖြစ်ပါတယ်။ ပြစ်မှု ပြစ်ဒဏ် တွေ ရှိတဲ့ အတွက် သက်ဆိုင်ရာ အိမ်ခြံ မြေ ဝန်ဆောင်မှု အသင်းတွေကို ဆက်သွယ်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ က ပေးအပ်မယ့် အိမ်ခြံမြေ အကျိုးဆောင် မှတ်ပုံတင် လက်မှတ် လျှောက်ထားနိုင်ဖို့အတွက် ကျွန်တော့် အနေနဲ့ အလေးအနက် တိုက်တွန်းလိုပါတယ်” ဟု ရှမ်းပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဒုတိယ ဥက္ကဋ္ဌ (၁) ဦးအောင်ဖြိုးထူး က ပြောကြားသည်။
“ဒါကြောင့် အိမ်ခြံမြေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဥပဒေ အရ လည်း အရေးကြီးလာတဲ့ အခန်းကဏ္ဍ လည်း ဖြစ်လာပါပြီ။ တဖြေးဖြေး ဘာတွေ ပြင်ဆင်ရမလဲ ဆိုရင် အသင်းဝင် ထားကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ အနာဂတ် အတွက် ကောင်းတဲ့ နည်းလမ်းတွေ ၊ ဥပဒေ နည်းဥပဒေ အရ အကြုံးဝင်တာ ဖြစ်တဲ့ အတွက် SSRESA မှ ကြိုဆိုပါတယ် ခင်ဗျ ” ဟု ရှမ်းပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အတွင်းရေးမှူး ဦးစိုင်းမင်းအောင် က ပြောကြားသည်။
“ဒီနေ့ သင်တန်း က ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး လုပ်ငန်း စဉ် ဆောင်ရွက်တဲ့ အခါ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အနေနဲ့ သက်ဆိုင်ရာ အိမ်ခြံ မြေ အကျိုးဆောင် များ ရွှေသတ္တု လုပ်ငန်းရှင်များနဲ့ ကြီးကြပ်ရေး အာဏာပိုင် ညွှန်ကြားချက် ၊ များကို သက်ဆိုင်ရာ ပုဂ္ဂိုလ်များက တိကျစွာ သိရှိလိုက်နာနိုင်အောင် ရယ်၊ ဌာန နဲ့ သက်ဆိုင်ရာ လုပ်ငန်းရှင် များ ပူးပေါင်း ဆောင်ရွက်ရာမှာ ပိုမို လွယ်ကူ အဆင်ပြေချောမွေ့စေရေး အတွက် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်များကို ရှင်းပြပေးတာ ဖြစ်ပါတယ်။
ပထမဦးစွာ အနေနဲ့ ငွေကြေးခဝါချမှု နှင့် အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှု တိုက်ဖျက်ရေး အတွက် သွားမယ် ဆိုရင် မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ ငွေကြေး အဖွဲ့အစည်း ကနေ Black List သွင်း အရေးယူခဲ့တဲ့ လုပ်ငန်းစဉ် ရှိတယ်။ ဒီအပေါ်မှာ အစိုးရ ဌာန ဆိုင်ရာ ပြည်သူတွေ လုပ်ငန်း ရှင် တွေ ပူးပေါင်းပြီးတော့ ဒီ Black List ထဲကနေ ရုန်းထွက်တဲ့ အနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့ ကဏ္ဍ လည်း ဖြစ်ပါတယ်။ မြေ အရောင်းအဝယ် နဲ့ပတ်သက်ပြီး Hot Issue တွေ လည်း ဖြစ်နေတယ်။ ရောင်းဝယ်ခွင့် မရှိတဲ့ နေရာတွေကို ရောင်းဝယ်နေတာ တွေ ရှိတယ်။ နိုင်ငံတော် ပိုင် မြေ အစိုးရ ဌာနဆိုင်ရာမြေတွေမှာ ကျူးကျော်ပြီး တော့မှ ထပ်ဆင့် ရောင်းဝယ်နေတာ ရှိတယ်။ တဖန် မြေ အသုံးပြုခွင့် အမျိုးအစား အပေါ် မူတည်ပြီး အသုံးပြုမယ့် နည်းလမ်း အတိုင်း မသုံးဘဲ လယ်ယာမြေကို စိုက်ပျိုးခြင်း မပြုဘဲ အဆောက်အဦ ဆောက်လုပ်ခြင်း ရောင်းဝယ် လွှဲပြောင်းတာ စသဖြင့် မြေယာ ပြဿနာ မျိုးစုံ ဖြစ်နေတာတွေ ကိုလည်း တတ်နိုင်သမျှ ရှင်းပြပြီး ဒီလို လုပ်ငန်းစဉ် တွေ မဖြစ်ပေါ်စေရေး ဒီအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ဖြစ်ဖို့အတွက် အားလုံးကို အသိပညာပေး မျှဝေပေးခြင်း ဖြစ်ပါတယ်။
“ဒီလို ပို့ချတဲ့အခါ အိမ်ခြံမြေ အကျိုးဆောင် မှတ်ပုံတင် မရှိဘဲ လုပ်ငန်း လုပ်တဲ့ အခါ ဘာဖြစ်သလဲ၊ ဘယ်လို အရေးယူခံရနိုင်လဲ ဒီလိုမေးတာလည်း ရှိပါတယ်။ ဒီအိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း နဲ့ ပတ်သက်ရင် ကြီးကြပ်ရေး အာဏာပိုင် ညွှန်ကြားချက် ရှိသလို တစ်ဖက်မှာလည်း ၂၀၂၆ ခုနှစ် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေ လည်း ပြဌာန်းပြီး ဖြစ်ပါတယ်။ ဒီဥပဒေကိုလည်း လေးစား လိုက်နာနိုင်အောင် ဖြစ်သလို ၊ ဒီလို သင်တန်းတက်ခြင်းအားဖြင့် မှတ်ပုံတင် ရအောင် လုပ်ထားခြင်း အားဖြင့် ငွေကြေးခဝါချမှု ဥပဒေ အောက်မှာ ကြီးကြပ်ရေး အာဏာပိုင် ရဲ့ ညွှန်ကြားမှု အောက်မှာ စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် မိမိ လုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သလို နိုင်ငံတော် အတွက် လည်း ဘယ်လိုအကျိုးကျေးဇူး ရရှိအောင် ဆောင်ရွက်နိုင်သလဲ ဆိုတဲ့ ကဏ္ဍ လေးတွေကို သင်ကြားပို့ချခြင်း ဖြစ်ပါတယ်။” ဟု ပင်းတယမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထိန်လင်းအောင် က ပြောကြားသည်။
ထို့ပြင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို အရေးယူသွားမည်ဟု ရှမ်းပြည်နယ် လွှတ်တော်တွင်လည်း အောက်တိုဘာ ၈ ရက်တွင် သက်ဆိုင်ရာ အစိုးရ အဖွဲ့ ဝန်ကြီးမှ ပြန်လည် ဖြေကြားခဲ့သည်။
ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အဆင့် မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်းမပြုဘဲ အိမ်ခြံမြေ အကျိုးဆောင် လုပ်ကိုင်နေသူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည် ဆိုသော မေးခွန်းကို ရပ်စောက်မြို့နယ် ကိုယ်စားလှယ် အမှတ်(၁) မှ ဦးအောင်ကျော်ညွန့် က မေးမြန်းခြင်း ဖြစ်ကာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ မှ ပြန်လည် ဖြေကြားခဲ့သည်။
“အခုဒီနေ့ သင်တန်း တက်တာ ရည်ရွယ်ချက် က ငွေကြေး ခဝါချမှု သင်တန်းပေါ့။ သိလာတယ် ပိုနားလည် လာတယ်ပေါ့ဗျာ။ ဒီသင်တန်း မတက်ရဘူး ဆိုရင် နားမလည်တော့ အရောင်းအဝယ် လုပ်တာ မှားသွားနိုင်တယ်။ ခုတော့ သိသွားတာပေါ့။ ပြန်လည် မျှဝေလို့ ရတာပေါ့။”ဟု ဟိုပုံးမှ သင်တန်း လာတက်သော ခွန်ထွန်းဝေ က ပြောကြားသည်။