
မွန်ပြည်နယ်၊ မုဒုံမြို့ရှိ မီတာ ၄၀၀ အားကစားကွင်းတွင် ဘောလုံးသမားတစ်ဦး သတိမေ့လဲကျရာမှ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၂၀ ရက်၊ ညနေပိုင်းက မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် မြို့မ (၁) ဘောလုံးအသင်း နှင့် ကွမ်လှာ ဘောလုံးအသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားခဲ့ကြပြီးနောက် ညနေ ၆ နာရီခန့်တွင် မြို့မ (၁) ဘောလုံးအသင်းမှ ကျောနံပါတ် (၂၁) ကိုသားကြီးဆိုသူမှာ လူစားလဲပြီးနောက် ကွင်းဘေး၌နားနေချိန်တွင် သတိလစ်မေ့လဲကျသွားခြင်းဖြစ်ကြောင်း မုဒုံမြို့ခံတစ်ဦးကပြောကြားသည်။
၎င်းကဆက်လက်ပြီး "ချက်ချင်းဘဲ မြန်မာ့လူငယ် (Y.Rescue) နဲ့ မြို့နယ်ကြက်ခြေနီအသင်းတို့က ရှေးဦးသူနာပြုစုနည်းနဲ့ စနစ်တကျပြုစုပြီး မုဒုံဆေးရုံသို့ ပို့ဆောင်ခဲ့ပေးခဲ့ကြပေမယ့် ဆေးရုံ အရောက်မှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်" ဟု ပြောကြားသည်။
ကိုသားကြီး မှာ မုဒုံမြို့၊ မြို့မ (၃) ရပ်ကွက်တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း နှင့် ဆိုင်ကယ် Showroom ဖွင့်လှစ်ထားသူတစ်ဦးဖြစ်ကြောင်း ၎င်းမြို့ခံကဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်နေ့ ညနေပိုင်းကလည်း မုဒုံမြို့ မီတာ ၄၀၀ အားကစားကွင်းတွင် မုဒုံမြို့နယ် အမျိုးသား အလွတ်တန်းဘောလုံးပြိုင်ပွဲ၌ Lion City (မော်လမြိုင်) အသင်းမှ ရှေတန်းကစားသမားဖြစ်သူ သန်းတိုးအောင် (ခ) Sa Sa (ကျောနံပါတ် - ၉) မှာ မိုးကြိုးစက်ကွင်းထိမှန်ကာ လဲကျသွားသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။