



နေပြည်တော်၊ အောက်တိုဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာအဆင့် အာကာသ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ မြန်မာအာကာသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်နှင့် အာကာသအေဂျင်စီမှ တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကားပြောကြားရာတွင် နိုင်ငံတော် အကြီးအကဲအနေဖြင့် မျိုးဆက်သစ်လူငယ်များ အာကာသနည်းပညာကို စိတ်ဝင်စားမှု မြင့်တက်လာစေရေး အာကာသဆိုင်ရာ ပန်းချီ ကာတွန်းနှင့် ပိုစတာ ပြိုင်ပွဲများကို နိုင်ငံအတွင်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါ လမ်းညွှန်ချက်အရ နေပြည်တော်အတွင်း၌ မြန်မာနိုင်ငံ အာကာသအေဂျင်စီနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်း၍ အခြေခံပညာအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကြီးအား ကျင်ပဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများရဲ့ သိပ္ပံနှင့်နည်းပညာဆိုင်ရာ စိတ်ဝင်စားမှု၊ တီထွင် ဖန်တီးနိုင်စွမ်းနှင့် အနာဂတ်ပညာရေး အခွင့်အလမ်းများ တိုးတက်လာစေရေးကို အဓိကထားပြီး လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ကြရန် တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာအာကာသအေဂျင်စီမှ အမှုဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်က အခြေခံပညာအဆင့် အာကာသ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်းပြပြီး တက်ရောက်လာသည့် နေပြည်တော်ကောင်စီဝင်များနှင့် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များကို မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ မြန်မာအာကာသအေဂျင်စီမှ အမှုဆောင် အရာရှိချုပ်က ဖြည့်စွက်ဆွေးနွေး ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်အား ဗဟိုပြု၍ မိထ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ တောင်ငူခရိုင်များတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက် စေရေးနှင့် အထူးဖွံ့ဖြိုးရေးဒေသအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)တွင် ဆက်လက်ကျင်းပသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းက အမှာစကား ပြောကြားရာတွင် ခရိုင်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ MSMEs ကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ မြို့ပြဖွံ့ဖြိုးရေးကဏ္ဍ၊ ကျေးလက်ဖွံ့ဖြိုးရေးကဏ္ဍ စသည်ဖြင့် ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်စေရေး အကောင်အထည်ဖော် ဆောင်ရွက်မှသာ ရည်မှန်းထားသည့်ရလဒ်များ ထွက်ပေါ်လာမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်လုပ်မှု၊ ထုတ်လုပ်နိုင်စွမ်းနှင့် အရည်အသွေး မြှင့်တင်နိုင်ရေး ဆောင်ရွက် သွားရန်လိုကြောင်း၊ မိမိတို့ခရိုင်များအလိုက် ရေ၊ မြေ၊ ရာသီဥတုနဲ့ ထုတ်လုပ်မှု အလားအလာရှိသည့် ကုန်ပစ္စည်းများကို အဓိကထား ဖော်ထုတ် သွားရမှာဖြစ်ပြီး ဒေသထွက်ကုန် ပစ္စည်းများရဲ့ ထူးခြားချက်များကို အခြေခံပြီး အမှတ်တံဆိပ်နဲ့ ဈေးကွက် ခိုင်မာအောင် တည်ဆောက်သွားဖို့ အဓိကလိုအပ်မှာ ဖြစ်ကြောင်း၊ ကျေးလက်နေ တောင်သူများ၏ ထုတ်လုပ်မှု အခြေအနေနှင့် ဈေးကွက် ဝင်ရောက်နိုင်မှုကို ဖော်ဆောင်ပေးပြီး ဈေးနှုန်းများ မှန်ကန်စွာရရှိရေးကို ဦးစားပေး ဆောင်ရွက်ပေးသွားရန်နှင့် အခြေခံ စားသောက်ကုန်များကို လက်လှမ်းမီစွာနဲ့ ဈေးနှုန်း သင့်တင့်စွာ ဝယ်ယူရရှိနိုင်ရေး၊ ဈေးနှုန်း အတက်အကျ လျော့နည်းစေရေးတို့ကိုလည်း ပေါင်းစပ် ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ (၇) ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တာဝန်ရှိသူများအနေဖြင့် မိမိတို့တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးအောင်ဇေယျက စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေး ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဌာန ဝန်ကြီးများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို အွန်လိုင်းစနစ်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ အတွင်းရေးမှူး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် (၇)ခရိုင်မှ ခရိုင်အုပ်ချုပ်ရေးမှူးများက စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံ၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အထူးဖွံ့ဖြိုးရေး ဒေသအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်း တင်ပြကြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#News #Myanmar