Eleven Media Group

■ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားခြောက်ဦး တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရ

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့နယ်၊မယ်ပကျေးရွာတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ခြောက်ဦးသည် တရားမဝင် ဝင်ရောက် အလုပ် လုပ်ကိုင်မှုဖြင့် အောက်တိုဘာလ ၂၀ ရက်နေ့က ဖမ်းဆီးခံရကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသူများသည် နယ်မြေလုံခြုံရေးအတွက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက် နံနက် ၁၀:၀၀ နာရီအချိန်က မယ်ပကျေးရွာတွင် ဝင်ရောက်စစ်ဆေးစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်းသိရသည်။

မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ နယ်မြေခံအာဏာပိုင်များ၊ တာခ့်ခရိုင် အလုပ်သမားရုံး၊ မဲဆောက်ရဲစခန်းမှ တာဝန်ရှိသူများနှင့် မဲဆောက်ဒေသဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းကာ မယ်ပကျေးရွာ၊ အမှတ် (၁၁) ရပ်ကွက်၊ ဖိုးသောင်းကျေးရွာရှိ အိမ်ငှားရာနေရာများတွင် လှည့်လည်စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးစဉ်အတွင်း တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား စုစုပေါင်း ခြောက်ဦးကို ဖမ်းဆီးရမိခဲ့ပြီး အမှု ဖွင့်လှစ် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံရသူ ခြောက်ဦးအနက် ငါးဦးကို ထိုင်းနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင် မှုဖြင့်အမှုဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံသား တစ်ဦးကို နိုင်ငံအတွင်းအလုပ်လုပ်ကိုင်ခွင့်မရှိဘဲ သို့မဟုတ် ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်း (နိုင်ငံခြားသားများ အလုပ်ခန့်ထားမှု စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့်လှစ်ထားကာ ဥပဒေနှင့်အညီ ဆက်လက် အရေးယူဆောင်ရွက်နိုင်ရန်အတွက် မဲဆောက်မြို့နယ် ရဲစခန်းသို့ ပို့ဆောင်ထားရှိကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရသိရသည်။

■ Photo Thai news

မူရင်းသတင်း — Eleven Media Group