Eleven Media Group

■ ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီးတွင် လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦးအား လူနာတင်ယာဉ်ဖြင့်တိုက်မိပြီး လမ်းဖြတ်ကူးသူ သေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ် ဘုရားကြီးမြို့အနီး ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် အောက်တိုဘာ ၂၁ ရက် ညပိုင်းက လမ်းဖြတ်ကူးသူအမျိုးသားတစ်ဦးအားလူနာတင်ယာဉ်တစ်စီးမှ တိုက်မိခဲ့ရာ လမ်းဖြတ်ကူးသူ အမျိုးသား အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်တွင် ဒိုက်ဦးမြို့ဘက်မှ ဘုရားကြီးမြို့ဘက်သို့ ကိုချစ်ဦးမောင် အသက် (၄၁ )နှစ်၊ မောင်းနှင်လာသည့် မြရည်နန္ဒာ လူမှုကယ်ဆယ်ရေးအဖွဲ့ပိုင် Nissan အမျိုးအစား လူနာတင်ယာဉ်သည် ဘုရားကြီးမြို့၊ ဝမ်းဘဲအင်းကျေးရွာအုပ်စု၊ ရွာလယ်တံတားအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၅၀/၁ နှင့် ၅၀/၂ ကြားသို့အရောက် လမ်း၏ ဝဲဘက်မှ ယာဘက်သို့ ဖြတ်ကူးလာသည့် ဝမ်းဘဲအင်းကျေးရွာနေ ကိုသောင်းတင်၊ အသက် ၄၈ နှစ်ကို တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ကိုသောင်းတင်တွင် မျက်ခုံးစုတ်ပြဲဒဏ်ရာ၊ နှာခေါင်းနှင့် နားတို့မှ သွေးထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ပွန်းခြစ်ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး လူနာတင်ယာဉ်မောင်းနှင်သူ ကိုချစ်ဦးမောင်တွင်လည်း ရင်ဘတ်အောင့်ဒဏ်ရာရရှိခဲ့ပြီး ပြင်ပလူနာအဖြစ် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်၍ ဘုရားကြီးနယ်မြေရဲစခန်းတွင် ယာဉ်မောင်းဖြစ်သူ ချစ်ဦးမောင်အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group