
တရုတ်နိုင်ငံအနောက်တောင်ပိုင်း တိဘက်ဒေသတွင် အောက်တိုဘာ ၂၂ ရက်ညက ပြင်းအား ၇ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့သဖြင့် လက်ရှိတွင်သေဆုံးသူ ၁၆ ဦးနှင့် ဒဏ်ရာရသူ ၃၂ ဦးရှိနေကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြသည်။
အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၃၃ မိနစ်ခန့်တွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းအထိ ရရှိထားသည့် အချက်အလက်များအရ ဒဏ်ရာရသူ ၃၂ ဦးအနက် ၁၁ ဦးက ဒဏ်ရာပြင်းထန်သည်ဟု ဆင်ဟွာသတင်းကဆိုသည်။
ငလျင်ဗဟိုချက်က တိဘက်မြောက်ပိုင်း နာ့ချွီဒေသရှိ လူနေကျဲပါးပြီး ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသည့် ခရိုင်တစ်ခု၏ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ တိဘက်ဒေသ၏ မြို့တော်လာဆာမှ ကီလိုမီတာ ၄၀၀ ခန့် ကွာဝေးသည်။ ဗဟိုချက်အနီးဆုံး ကျေးရွာအချို့ရှိ နေအိမ်များတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်ခဲ့ကာ ၊ ငလျင်ဒဏ်သင့်ဒေသသို့ ဒေသခံမီးသတ်နှင့် ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ထားသည်။
အနီးဝန်းကျင်ဒေသများတွင်လည်း ပြင်းအား ၃ နှင့် ၄ အဆင့်ရှိသည့် နောက်ဆက်တွဲငလျင်ငယ်များ ဆက်လှုပ်ခဲ့ကြောင်း တရုတ်ငလျင်ကွန်ရက်စင်တာ (CENC) ကဖော်ပြသည်။ ယခုငလျင်သည် တရုတ်နိုင်ငံတွင် ၂၀၂၄ ခုနှစ် ၊ဇန်နဝါရီနောက်ပိုင်း အပြင်းထန်ဆုံးငလျင်ဖြစ်သည်။
တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ်ရှိ ယွိရှူးဒေသတွင် ၂၀၁၀ ခုနှစ်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့စဉ်က လူပေါင်း ၂,၆၉၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၃၀၀ နီးပါး ပျောက်ဆုံးခဲ့သည်။
Ref: Reuters