
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် တရုတ်နိုင်ငံနှင့် ဆက်သွယ်ထားသည့် တံတားသစ် ဖွင့်လှစ်ပွဲကိုတက်ရောက်ရန် အောက်တိုဘာ ၂၄ ရက်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း ပြောကြားခဲ့သည်။ ယခုခရီးစဉ်သည် တစ်နှစ်အတွင်း ၎င်း၏ပထမဆုံး တရုတ်နိုင်ငံခရီးစဉ်ဖြစ်သည်။
ကင်ဂျုံအွန်သည် အသစ်ဖွင့်လှစ်လိုက်သည့် တံတားကို ဖြတ်သန်းပြီးနောက် တရုတ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တန်းတုန်းမြို့သို့ ရောက်ရှိလာကြောင်း တောင်ကိုရီးယားပေါင်းစည်းရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနတို့က ဖော်ပြသည်။
တန်းတုန်းမြို့တွင် ကင်က တရုတ်ကွန်မြူနစ်ပါတီ၏ အမြဲတမ်းကော်မတီဝင် ဝမ်ဟုနင်နှင့် တွေ့ဆုံခဲ့ပြီး ကားစက်ရုံတစ်ရုံသို့ အတူသွားရောက်လေ့လာခဲ့သည်။ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုခိုင်မာလာစေရန် ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း နှစ်ဖက်စလုံးက ကတိပြုခဲ့ကြသည်။
မြောက်ကိုရီးယားအနေဖြင့် တရုတ်နိုင်ငံနှင့် ရှေးယခင်ကတည်းက ရှိလာခဲ့သည့် ချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းပြီး လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လိုကြောင်း ကင်ဂျုံအွန်က ပြောကြားကာ ဝမ်ဟုနင်းက ကင်ဂျုံအွန်ကို တံတားသစ်အထိ လိုက်လံပို့ဆောင်ခဲ့ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။
ကင်ဂျုံအွန်သည် ယခင်နှစ်များအတွင်း ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို ဦးစားပေးတည်ဆောက်ခဲ့ပြီး ယခုအခါ မြောက်ကိုရီးယား၏ အဓိကမဟာမိတ်လည်းဖြစ် ၊ စီးပွားရေးအရ အရေးပါသည့် အိမ်နီးချင်းလည်းဖြစ်သည့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး ပြန်လည်ခိုင်မာလာစေရန် ကြိုးပမ်းနေသည်။
၂၀၁၁ ခုနှစ်နှောင်းပိုင်းတွင် ဖခင်ကင်ဂျုံအီ ကွယ်လွန်ပြီးနောက် အာဏာရလာသည့် ကင်ဂျုံအွန်အတွက် ယခုခရီးစဉ်က တရုတ်နိုင်ငံသို့ ခြောက်ကြိမ်မြောက် သွားရောက်မှုဖြစ်သည်။ ၎င်းသည် ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာတွင် ပေကျင်းမြို့သို့ နောက်ဆုံးသွားရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ကာ ပူတင်အပါအဝင် ပြည်ပခေါင်းဆောင်များနှင့်အတူ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည်လည်း ယခုနှစ် ဇွန်တွင် မြောက်ကိုရီးယားနိုင်ငံ ၊ ပြုံယမ်းမြို့သို့ ရောက်ရှိလာကာ ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့သည်။
Ref: AP