
ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်သွားရောက်ခဲ့ပြီး အမျိုးသား လွှတ်တော်နှင့် ဘယ်လာရုစ် အထက်လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာကိုချန်နိုဗာ၏ ဖိတ်ကြားချက်အရ ဘယ်လာ ရုစ်နိုင်ငံသို့ အောက်တိုဘာ ၁၉ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ တစ်ပတ်ခန့် အကြာ သွားရောက်ခဲ့ခြင်းဖြစ်သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံခရီးစဉ်အတွင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာအလက်ဇန္ဒား လူကာရှန်ကို အား ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့ရှိ သမ္မတနန်းတော် အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် အပြန်အလှန်ခရီးစဉ်များမှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းအသစ်များကို ဖန်တီးပေးနိုင်ခဲ့မှု၊ နှစ်နိုင်ငံ အစိုးရအဖွဲ့ချင်းသာမက နှစ်နိုင်ငံ လွှတ်တော်နှစ်ရပ် ပူးပေါင်း၍ကဏ္ဍစုံကို တစ်နှစ်ထက်တစ်နှစ် တိုးတက်အောင် ဆောင်ရွက်နေမှု၊ ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် ယုံကြည်နားလည်မှုနှင့် အားပေးကူညီမှုများကို နှစ်နိုင်ငံအတွက်သာမက နိုင်ငံတကာမျက်နှာစာအထူးသဖြင့် ကုလသမဂ္ဂမျက်နှာစာတွင်ပါ မြန်မာနိုင်ငံဘက်ကရပ်တည်ပေးခဲ့မှု၊ မြန်မာနိုင်ငံအနေဖြင့် ဥရောပအာရှစီးပွားရေးသမဂ္ဂ (EAEU)၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) နှင့် BRICS တို့တွင် အဖွဲ့ဝင်နိုင်ငံဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ဆက်လက်ကူညီ ထောက်ခံပေးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ဘယ်လာရုစ်သမ္မတနိုင်ငံဘက်မှ သမ္မတနှင့်အတူ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာနှင့် အမျိုးသားလွှတ်တော် နိုင်ငံတကာရေးရာနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အမြဲတမ်းကော်မရှင်ဥက္ကဋ္ဌ Mr. Sergei ALEINK တို့တက်ရောက်ခဲ့ကြောင်း သိရသည်။
အလားတူ ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော် တတိယထပ်ရှိ မီးလင်းဖိုခန်းမဆောင်တွင် ဘယ်လာရုစ်သမ္မတနိုင်ငံ အထက် လွှတ်တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာနှင့်တာဝန်ရှိသူများတွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၂၂ ရက်တွင် သံတမန်ဆက်ဆံရေး ၂၇ နှစ် ပြည့်မြောက်ခဲ့ကာ ယင်းကာလအတွင်း နှစ်နိုင်ငံအပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုများကို အခိုင်အမာ တည်ဆောက်ထားနိုင်ခဲ့မှု၊ နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှု၊ ချစ်ကြည်ရင်း နှီးမှုများနှင့် အပြန်အလှန်ခရီးစဉ်များက နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေပြီး ကောင်းကျိုးစီးပွားကို တိုးပွားအောင်ဆောင်ရွက်နိုင်ခဲ့မှု၊ ဘက်စုံကဏ္ဍစုံ မဟာဗျူမြောက် မိတ်ဖက်ပူးပေါင်းဆောင်ရွက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ နှစ်နိုင်ငံ ဆက်ဆံမှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈ ခုနှစ်)ကို ချမှတ်နိုင်ခဲ့ပြီး လွှတ်တော်များ၏ အခန်းကဏ္ဍ၊ လွှတ်တော်ကဏ္ဍ ချစ်ကြည်ရင်းနှီးရေးတွင် နှစ်နိုင်ငံဘက်စုံ မဟာမိတ်ပူးပေါင်း ဆောင်ရွက်မှုကို လွှတ်တော်ပိုင်းမှ ပံ့ပိုးကူညီပေးရေး၊ လွှတ်တော်ချင်း ပူးပေါင်းဆောင် ရွက်မှုကို တိုးမြှင့်ရေး၊ လွှတ်တော်ဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် အတွေ့အကြုံ များမျှဝေရေး၊ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ၏ အပြန်အလှန်ချစ်ကြည်ရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ရေး၊ နိုင်ငံတကာလွှတ်တော်ဆိုင်ရာ အသိုက်အဝန်းတွင် နှစ်နိုင်ငံအကျိုးအတွက် ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲအပြီးတွင် အထက်လွှတ်တော် ဒုတိယထပ်ရှိ သဘာပတိအဖွဲ့ အစည်းအဝေး ခန်းမ၌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားလွှတ်တော်နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ အထက်လွှတ်တော် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးနှင့် အထက်လွှတ် တော်ဥက္ကဋ္ဌ မစ္စစ်နာတာလျာ ကိုချန်နိုဗာတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုလွှတ်တော်နာယကဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း Great Stone China-Belarus Industrial Park ၊မင့်စ်မြို့ရှိ မဟာမျိုးချစ် စစ်ပွဲသမိုင်း ပြတိုက်၊ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ညှက်စ ဘစ်ရှ် (Nesvizh) မြို့ရှိ National Historical and Cultural Museum-Reserve "Nesvizh" ပြတိုက်၊ မင့်စ်ထွန်စက်စက်ရုံနှင့် မော်တော်ကားစက်ရုံ၊ First National Trade House ဈေးဝယ်စင်တာတို့အား သွားရောက်လေ့လာခဲ့ပြီး မင့်စ်မြို့ရှိ အောင်ပွဲခံရင်ပြင် (Victory Square)ရှိ အောင်ပွဲခံအထိမ်းအမှတ်ကျောက်တိုင် (The Victory Monument)၌ လွမ်းသူပန်းခွေချ အလေးပြုခြင်းတို့လည်း ဆောင်ရွက်ခဲ့သည်။
ထို့အတူ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးသည် ဘယ်လာရုစ် သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးမိသားစုများနှင့် သင်တန်းသားများအား တွေ့ဆုံခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အောင်မြင်ရန် သံရုံးတွင် တာဝန်ထမ်းဆောင်နေသူများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ သံခင်းတမန်ခင်း နည်းပရိယာယ် ကြွယ်ဝမှုများက မိမိတို့နိုင်ငံအကျိုးစီးပွားကို ပိုမိုဖော်ဆောင်ရန်များစွာ အထောက်အကူပြုပါကြောင်း၊ ထို့ကြောင့် သံရုံးတွင် တာဝန်ထမ်းဆောင်နေသူများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်း စိုက်ထုတ်၍ မိမိတို့နိုင်ငံတော် အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်သွားစေလိုကြောင်း၊ သံရုံးမိသားစုများအနေဖြင့် စည်းလုံးစွာ နေထိုင်ပြီး လိုအပ်သည်များ ရှိလာပါက တစ်ဦးပေါ်တစ်ဦး ကူညီရန် လိုအပ်ကြောင်း၊ ဘယ်လာရုစ်နိုင်ငံ၏ ပညာသင်ကြားရေး သည် ကမ္ဘာ့အဆင့်မီပညာရေးစနစ်တစ်ခု ဖြစ်သည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံအပါအဝင် နိုင်ငံတကာမှ ကျောင်းသားများ လာရောက်ပညာဆည်းပူးလျက် ရှိကြကြောင်း၊ ဘယ်လာရုစ်နိုင်ငံတွင် ပညာသင်ကြားနေသည့် သင်တန်းသားများ အနေဖြင့် မိမိတို့သင်ကြားနေသည့် ဘာသာရပ်များကို မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် ပြန်လည်အသုံးချနိုင်အောင် စနစ်တကျ သေချာလေ့လာသင်ယူကြစေလိုကြောင်း၊ သင်တန်းသားများသည် မိမိတို့၏ မိသားစုများနှင့် ခွဲခွာနေထိုင်နေပြီး လာရောက်ပညာ သင်ကြားနေခြင်း ဖြစ်သည့်အတွက် အချင်းချင်းကူညီရိုင်းပင်းပြီး မိသားစုကဲ့သို့ စည်းလုံးညီညွတ်စွာ နေထိုင်ကြစေလိုကြောင်း၊ ပညာသင်ကြားနေထိုင်စဉ်ကာလ အတွင်း ဘယ်လာရုစ်နိုင်ငံ၏ ဥပဒေ၊ စည်းကမ်းများကို လိုက်နာဆောင်ရွက်သွားကြရန် အထူးမှာကြားလိုကြောင်း ပြောကြားသည်။
ပြည်ထောင်စုလလွှတ်တော်နာယကနှင့်အတူ ဘယ်လာရုစ်ခရီးစဉ်အတွင်း ပြည်သူ့ငွေစာ ရင်းကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌဦးချစ်ဆွေ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒေါက်တာစောနေလင်းအောင်၊ မြန်မာ-ဘယ်လာရုစ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဗိုလ်မှူးချုပ် သန်းထွန်းအောင်နှင့် အမျိုးသားလှွတ်တော်ရုံးမှ တာဝန်ရှိသူများပါဝင်ပြီး ကိုယ်စားလှယ် အဖွဲ့သည် အောက်တိုဘာ ၂၅ ရက် ညပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက် ရှိကြောင်း သိရသည်။