Eleven Media Group

မြိတ်မြို့တွင် ဆိုလာမှတဆင့် ဝါယာကြိုးအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

မြိတ်မြို့တွင် ဆိုလာမှတဆင့် ဝါယာကြိုးအပူလွန်ကဲရာမှ ရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ ကန်ဘောင်ရိုးရပ်၊ ဘုရားကိုင်လမ်းမကြီးရှိ ဦးမောင်ဌေး၊ (၅၄)နှစ်၊ (ဘ)ဦးထူးညွှန့်၊ ပိုင်ဆိုင်သည့်အလျား(၃ဝ)ပေ၊ အနံ(၅ဝ)ပေ၊ အုတ်ညှပ်ပျဉ် ထောင်၊ သွပ်မိုး ၊(၂)ထပ်လူနေအိမ်အပေါ်ထပ် ဘုရားစင်နံဘေးတွင် ထားရှိသည့် ဆိုလာဘတ္ထရီအိုးနှင့် အင်ဗာတာတို့ ချိတ်ဆက်ထားသည့် ဝါယာကြိုးအပူလွန်ကဲရာမှတစ်ဆင့် ရှော့ဖြစ်ပြီး အနီးနားရှိ ကတ္တူစက္ကူပုံးသို့ ကူးစက်ရာမှ မီးလောင်မှု အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်က စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၂၆)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၁၀)ဦး၊ ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁) စီး၊ အရန် မီးသတ်စခန်းများမှမီးငြှိမ်းသတ်ယာဉ်(၈) စီး၊ ရေသယ်ယာဉ်(၇)စီး၊ ပုဂ္ဂလိကရေသယ်ယာဉ် (၃)စီး၊ လူမှုရေးအသင်းများမှ လူနာတင်ယာဉ်(၈)စီး၊ မြိတ်တပ်နယ်မှတပ်မတော်သား(၅)ဦး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်(၂ဝ)ဦး၊ကြက်ခြေနီတပ်ဖွဲ့ဝင်(၂ဝ)ဦး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့်သွားရောက်၍ ရပ်ကွက်နေပြည်သူများနှင့်အတူ ဝိုင်းဝန်းငြှိမ်းသတ်မှု​ရာ မွန်းလွဲ ၁ နာရီ ၁ဝ မိနစ်ခန့်တွင်မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၁ နာရီ ၂၅ မိနစ်အချိန် မီးငြှိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် အလျား(၃ဝ)ပေ၊ အနံ(၅ဝ)ပေ၊ အုတ်ညှပ်ပျဉ်ထောင်၊ သွပ်မိုး (၂)ထပ် လူနေအိမ်၏ အပေါ်ထပ် မီးလောင်ကျွမ်းပျက်စီးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group