Eleven Media Group

သီတင်းကျွတ်လပြည့်ညတွင် တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်

သီတင်းကျွတ်လပြည့်ညတွင် တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ကြောင်း သိရသည်။

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) အောက်တိုဘာ ၂၆ ညပိုင်း​၌ တောင်ငူမြို့၏ ကျက်သရေဆောင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခဲ့ပြီး ဘုရားဖူးလာကြသူ ဆီမီးထွန်းညှိပူဇော်ရန် လာရောက်ကြသူများပြားပြီး စည်ကားလျက်ရှိကြောင်း သိရသည်။

တောင်ငူမြို့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲနှင့် (၆၅) ကြိမ်မြောက် သံဃာပဝါရဏာပြုပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

လပြည့်နေ့ နံနက်ပိုင်းတွင် ဆရာတော်ကြီးများထံမှ တရားနာကြားခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်းစသည့် ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ညနေပိုင်းတွင် သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ရှိ ဂန္ဓဝင်ကိုးခန်း သိမ်တော်ကြီး၌ သံဃာတော်အပါး ၄၀၀ ကျော်နှင့် သီလရှင်အပါး ၁၀၀ ကျော်တို့ဖြင့် (၆၅) ကြိမ်မြောက် ဝါကျွတ်ပဝါရဏာပြုပွဲ ကျင်းပခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကျင်းပပြီး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးလူမှူရေးအသင်းအဖွဲ့များနှင့် မြို့ခံပြည်သူများ စုပေါင်းပါဝင်ကာ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းအစုစုတို့ကို စုပေါင်းလောင်းလှူပူဇော်ခဲ့ကြကြောင်း သိရသည်။

ညပိုင်းတွင် ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲကို ည ၇ နာရီခန့်တွင် စတင်ကျင်းပခဲ့ပြီး ဘုရားဖူးလာကြသူများ ဆီမီးပူဇော်ထွန်းညှိကြသူများဖြင့် စည်ကားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group