
အိန္ဒိယသမုဒ္ဒရာအတွင်း သီရိလင်္ကာကမ်းရိုးတန်းအနီး ကျောက်ချရပ်နားထားသည့် သင်္ဘောများမှ အီရန်သင်္ဘောသား ၄၀ ကို အရေးပေါ်အကူအညီ တောင်းခံမှုအရ ဆေးကုသမှုပေးခဲ့ပြီးနောက် အီရန်နိုင်ငံ၊ တီဟီရန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သီရိလင်္ကာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
၎င်းအဆိုအရ ဆေးကုသမှုအကူအညီ တောင်းခံသည့် အရေးပေါ်ခေါ်ဆိုမှုကို လက်ခံရရှိပြီးနောက် အဆိုပါသင်္ဘောသားများကို အောက်တိုဘာ ၂၄ ရက်တွင် သီရိလင်္ကာနိုင်ငံတောင်ပိုင်း ဂါလီဆိပ်ကမ်းသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
သင်္ဘောသားများကို အီရန်သံရုံးနှင့် ဒေသခံသင်္ဘောလုပ်ငန်း ကိုယ်စားလှယ်များ စီစဉ်ပေးသည့် ရေယာဉ်များဖြင့် ကမ်းပေါ်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးခဲ့သည်။
ကနဦးဆေးကုသမှုများ ခံယူပြီးနောက် အီရန်သင်္ဘောသားများ အောက်တိုဘာ ၂၅ ရက်အစောပိုင်းတွင် သီရိလင်္ကာမှ ထွက်ခွာသွားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားတွင် အမေရိကန်ရေတပ်၏ ပိတ်ဆို့မှုကြောင့် အီရန်ရေနံတင်သင်္ဘောများသည် လွန်ခဲ့သည့် လအတော်ကြာကတည်းက သီရိလင်္ကာကမ်းလွန်တွင် ကျောက်ချရပ်နားနေခဲ့ရကာ နေရပ်သို့ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိသေးပေ။
သီရိလင်္ကာအာဏာပိုင်များ၏ အဆိုအရ နိုင်ငံကမ်းရိုးတန်းမှ ရေမိုင် ၂၄ မိုင်ခန့်အကွာတွင် သင်္ဘော ၁၉ စင်း ရပ်နားထားပြီး ယင်းသင်္ဘောများတွင် စားနပ်ရိက္ခာ၊ သောက်သုံးရေနှင့် လောင်စာဆီပြတ်လပ်မှုများ ရှိနေကြောင်း သတင်းပို့ထားသည်။
လွန်ခဲ့သည့် နှစ်ပတ်ခန့်တွင် သီရိလင်္ကာအစိုးရက အဆိုပါသင်္ဘောများကို အကူအညီပေးရန် ချက်ချင်း အစီအစဉ်မရှိသေးဟုဆိုကာ အကူအညီပေးရေးကို မစဉ်းစားမီ နိုင်ငံအကျိုးစီးပွားကို ဦးစားပေးမည်ဖြစ်ပြီး သင်္ဘောများကို ထောက်ပံ့ပေးသည့် ကုမ္ပဏီများအနေဖြင့် အမေရိကန်၏ ထပ်ဆင့် ပိတ်ဆို့အရေးယူခံရနိုင်ခြေကို သိရှိထားကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။