Eleven Media Group

■ ရထားနှင့် မော်တော်ယာဉ်တို့ မတော်တဆ တိုက်မိခဲ့သည့် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူးအား သက်ဆိုင်ရာက ပြန်လည်ဖွင့်လှစ်ပေး

ရထားနှင့် မော်တော်ယာဉ်တို့ မတော်တဆ တိုက်မိခဲ့သည့် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူးအား သက်ဆိုင်ရာ မီးရထားဌာနက ပြန်လည်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက် နံနက် ၉ နာရီအချိန်က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦး၊ သထုံမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ရှိသူများ ရထားလမ်းကူးနေရာသို့ လာရောက်၍ ဒေသခံများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် နံနက် ၁၀ နာရီချိန်ခန့်တွင် ပိတ်ထားသည့် ရထားလမ်းကူးနေရာအား သက်ဆိုင်ရာ မီးရထားဌာနက ပြန်လည်ဖွင့်လှစ်ပေးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးလှိုင်ထွန်းအောင်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “မီးရထား တာဝန်ရှိသူတွေကတော့ ရထားလမ်းကူးနေရာမှာ သတိပေးအမှတ်အသားတွေ၊ လမ်းညွန်ဆိုင်းဘုတ်တွေ ထင်သာမြင်သာရှိအောင် ထားရှိဖို့ ပြောသွားသလို ရထားလမ်း လမ်းကူးနေရာမှာ အစောင့်တစ်ယောက်ထားဖို့ လမ်းညွှန်ပေးသွားတာရှိတယ်။ အဲ့ဒီရထားမြေမှာ ကျူးနေတဲ့လူတစ်ယောက်ကို ရထားလမ်းကူးအစောင့်အဖြစ်နဲ့ပေါ့လေ။ လစာနဲ့ တာဝန်ပေးထားပါတယ်” ဟု ပြောကြားသည်။

ရန်ကုန် - မော်လမြိုင်ရထားလမ်း မုပ္ပလင် - မော်လမြိုင်ရထားလမ်းပိုင်းတွင် ပုံမှန်အားဖြင့် နေ့စဉ် ရန်ကုန် - မော်လမြိုင် အမြန်ရထားနှင့် DEMU ရထား အစုန်၊ အဆန် (၂) စီးဖြတ်သန်းသွားလာလျှက်ရှိကြောင်းနှင့် ရံဖန်ရံခါတွင် ကုန်တင်ရထား ဖြတ်သန်းသွားလာလေ့ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းအချိန်က ရန်ကုန် - မော်လမြိုင် အမှတ် (၈၁) အစုန်အမြန်ရထားနှင့် Light Truck ယာဉ်တို့ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် မတော်တဆမှုဖြစ်ပွားခဲ့သည့်နောက် ယင်းနေ့ ညနေပိုင်းအချိန်တွင် မြန်မာ့မီးရထား သထုံဘူတာမှ အဆိုပါရထားလမ်းကူးနေရာအား ပိတ်ဆို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပေါ်တော်မူကျေးရွာက ရထားလမ်းအောင်ပိုင်းတွင် လူဦးရေ ၃၀၀ ကျော်၊ ဆင်ဖြူကျွန်းကျေးရွာတွင် လူဦးရေ ၁၈၀၀ ဦးခန့်အပြင် ကွင်းပိုင်းရှိ ကျေးရွာများတွင် နေထိုင်ကြသူများအနေဖြင့် ၎င်း ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းကိုသာ အသုံးပြုပြီးသွားလာနေကြရကြောင်း၊ ကျေးရွာချင်းဆက်လမ်းအား ပိတ်လိုက်သည့်အတွက်ကြောင့် ဆင်ဖြူကျွန်းကျေးရွာမှ ရဟန်းသံဃာတော်များ ပေါ်တော်မူကျေးရွာဘက်ကို ဆွမ်းခံကြွရာတွင် အဆင်မပြေမှုများဖြစ်နေကြောင်းနှင့် ဆင်ဖြူကျွန်းကျေးရွာနှင့် ပေါ်တော်မူကျေးရွာအောက်ပိုင်းမှ သထုံမြို့တွင် ကျောင်းတက်နေကြသည့် ကျောင်းသား/သူ ၃၀၀ ကျော်မှာလည်း သွားရေးလာရေး အခက်အခဲဖြစ်ကုန်ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

ထို့အပြင် ပေါ်တော်မူကျေးရွာ၊ ဆင်ဖြူကျွန်းကျေးရွာနှင့် အောက်ပိုင်းကွင်းများအတွင်း လယ်ဧက ၆၀၀၀ ခန့်ရှိကြောင်းနှင့် တောင်သူများအနေဖြင့်လည်း ၎င်း ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းကိုသာ ကုန်ထုတ်လမ်းအဖြစ် အသုံးပြုနေကြရကြောင်းလည်း ဒေသခံများထံမှ သိရသည်။

ထိုသို့ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) အား ပိတ်လိုက်သည့်အတွက်ကြောင့် ဒေသခံများ သွားလာရေး အခက်အခဲများဖြစ်ပေါ်နေသည့်အတွက်ကြောင့် စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီအချိန်က ပေါ်တော်မူကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် သထုံမြို့နယ် ကိုယ်စားလှယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူနှင့် သထုံမြို့နယ် ကျေးလက်လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တွေ့ဆုံးဆွေးနွေးခဲ့ကြပြီးနောက် ဒေသခံပြည်သူများက ပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာဌာနများထံ အသနားခံစာတင်ပြခဲ့ကြကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က ဘီးလင်းဘူတာဘက်မှ သထုံဘူတာဘက်သို့ ခုတ်မောင်းလာသည့် အမှတ် (၈၁) အစုန် အမြန်ရထားနှင့် Light Truck ယာဉ်တို့ အဆိုပါ သထုံမြို့နယ် ဆင်ဖြူကျွန်း - ပေါ်တော်မူ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ရထားလမ်းကူး မိုင်တိုင်အမှတ် (၁၃၆ ၂/၄) တွင် မတော်တဆတိုက်မှုဖြစ်ပွားခဲ့ပြီး Light Truck ယာဉ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် ၎င်း Light Truck ယာဉ်မောင်းဖြစ်သူအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

Photo Credit - သမိန်ဗြတ်စ

မူရင်းသတင်း — Eleven Media Group