
ကလေးမြို့တွင် ချင်းရိုးရာ ခွါဒိုပွဲတော်ကို မိုးလင်းရှောင်စောန်းပါရှန်းဝတ်ပြုကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ခွါဒိုပွဲတော်ကို ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် မိုးလင်ရှောင်စောန်းပါရှန်း ဝတ်ပြုကျောင်းတွင် အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက ကျင်းပခဲ့ပြီး ချင်းတိုင်းရင်းသားများ ကလေးမြို့ပေါ်ရှိ ဒေသခံများ ၊ ဌာနဆိုင်ရာများ၊ ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချင်းတိုင်းရင်းသားတို့၏ ခွါဒိုပွဲတော်နှစ်စဉ် တောင်ယာများ ရိတ်သိမ်းပြီးကာလ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ချင်းပြည်နယ်နှင့် ချင်းတိုင်းရင်းသားများ နေထိုင်ရာဒေသတို့တွင် ကျင်းပလေ့ရှိသော ပွဲတော်ဖြစ်သည်။
"ကျနော်တို့ ခွါဒိုပွဲ တော့ နှစ်စဉ် နှစ်တိုင်း ကျင်းပတဲ့ ချင်းလူမျိုးတို့ရဲ့ နှစ်သစ်ကူးလည်းဖြစ်တယ်။ ကောက်သစ်စားပွဲလည်းဖြစ်တယ်။ ကျနော်တို့ ရှောင်စောန်းဘာသာဝင်တွေအနေနဲ့ကလည်း နှစ်သစ်ကူးမှာ ရိုးရာဓလေ့တွေ ထိမ်းသိမ်းတဲ့အနေနဲ့ ကျင်းပဖြစ်ပါတယ်။ နယ်မြေမငြိမ်းချမ်းတဲ့ နယ်မြေတွေမှာတော့ မကျင်းပ နိုင်သေးပါဘူး။ ငြိမ်းချမ်းတဲ့ ဒေသမှာတော့ နှစ်စဉ် နှစ်တိုင်း ရိုးရာပွဲတွေကို ချင်းလူမျိုးတွေက ရောက်ရာဒေသတွေမှာ ကျင်းပကြပါတယ်။ ကျနော်တို့ ချင်းတိုင်းရင်းသားတွေအနေနဲ့ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားတွေဖြစ်တဲ့အတွက် ကိုယ့်ပြည်ထောင်စုကို တိုးတက်စည်ပင်ထွန်းကားလာအောင် ခွါဒိုပွဲမှတဆင့် တိုင်းပြည်အေးချမ်းသာယာရေးကို ဦးတည်လုပ်ဆောင်နိုင်တဲ့သူတွေ ဖြစ်လာကြပါစေလို့ ဆုတောင်းပါတယ်" ဟု ချင်းတိုင်းရင်းသား ကိုနိန်ခန့်တွောင်က ပြောကြားသည်။
ခွါဒိုပွဲတွင် ချင်းတိုင်းရင်းသား ရိုးရာအကများ ကပြခြင်း၊ တိုင်းရင်းသားဝတ်စုံ မော်ဒယ်ရှိုးလျှောက်ခြင်း၊ တက်ရောက်လာသော ဧည့်သည်များကို အစားအသောက်များဖြင့် ဧည့်ခံခြင်းများ ပြုလုပ်ခဲ့ကြသည်။
“ချင်းယဉ်ကျေးမှု အကတွေရှိမယ်၊ ညပိုင်းမှာပေါ့။ နေ့ပိုင်းမှာတော့ ဘောလုံးကန်မယ်။ နေ့ပိုင်းမှာတော့ ပျော်ပွဲရွှင်ပွဲပေါ့။ ပွဲကိုတော့ အကြီးအကျယ် မလုပ်ပါဘူး။ ခေတ်ကောင်းတုန်းကတော့ ဝက် ငါးကောင်၊ ခြောက်ကောင်သတ်ပြီး ဘောလုံးကွင်းမှာ တစ်ရွာလုံး ထမင်းစားပွဲရှိတယ်လေ။ အရင်က နှစ်ရက် သုံးရက် လုပ်ကြတယ်။ အခုတော့ တစ်ရက်ပဲ လုပ်တယ်။ ခွါဒိုပွဲ လုပ်တာ တစ်နေရာနဲ့ တစ်နေရာ ပွဲလုပ်တာ အချိန် မတူကြဘူး။ အောက်တိုဘာလကတော့ ခွါဒိုပွဲလလို့ ပြောရမယ်” ဟု ချင်းတောင်ခြေဒေသတွင်ရှိသော ကျေးရွာတစ်ရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
ခွါဒိုပွဲတော် ဆိုသည်မှာ “ခွါ” (Chua) ၏ အဓိပ္ပာယ်က ရှေးအခါ ချင်းလူမျိုးများသည် စကြဝဠာတစ်ခုလုံးကို ကောင်းကင်ဘုံ၊ လူ့ဘုံနှင့် မြေအောက်ဘုံဟူ၍ ဘုံသုံးဘုံရှိသည့်အနက် လူ့ကမ္ဘာဘုံကို လူ့ပြည်လူ့ရွာ (Khua) ဟု ခေါ်သည်။ အဆိုပါ လူ့ကမ္ဘာဘုံ (ခွါ) ကို နတ်ကောင်းနတ်မြတ်များနှင့် ကွယ်လွန်သူဘိုးဘွားများ၏ ဝိညာဉ်များက ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်သည်ဟု ယုံကြည်ကြသည်။
“ ဒို” (Do) ၏ အဓိပ္ပာယ်မှာ နှစ်မျိုးရှိသည်။ ပထမ “ ဒို ” ၏ အဓိပ္ပာယ်မှာ တစ်ဦးနှင့်တစ်ဦး ဖော်ရွေစွာ ဧည့်ဝတ်ပြုခြင်း၊ ကျွေးမွေးဧည့်ခံခြင်း၊ ပြုစုစောင့်ရှောက်ခြင်းဟု အဓိပ္ပာယ်ရပြီး နောက်တစ်ခုမှာ တိုက်ခိုက်ခြင်း၊ နှင်ထုတ်ခြင်း၊ ချေမှုန်းခြင်းဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ခွါဒိုပွဲတော်၏ အဓိပ္ပာယ်မှာ တောင်ယာသီးနှံများ အောင်မြင်စွာရိတ်သိမ်းသည့် အထိမ်းအမှတ်ပွဲ၊ ကောက်သစ်စားပွဲ ကျင်းပကာ နှစ်သစ်အတွက် ဘိုးဘေးတို့၏ ဝိညာဉ်များနှင့် နတ်ကောင်းနတ်မြတ်များ ပူဇော်ပသပွဲ၊ ဆုတောင်းမေတ္တာပို့ခြင်း၊ ဆုမွန်ကောင်းတောင်းခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့် ရပ်ရွာထဲမှ နတ်ဆိုးများ နှင်ထုတ်ချေမှုန်းသည့်ပွဲတော် ဖြစ်သည်ဟု သမိုင်း မှတ်တမ်းများအရ သိရသည်။