
ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစ၍ နွေစပါး ၅၃၇၄ ဧကအား စိုက်ပျိုးရေပေးဝေသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်အောင်မြို့နယ်ရှိ မမြရေလှောင်တမံ အရေးပေါ်ကာကွယ်ခြင်းလုပ်ငန်းများနှင့် တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများနှင့် တမံသိုလှောင်ရေထိန်းညှိလျော့ချခြင်းကို ဆောင်ရွက်လျက်ရှိရာ လက်ရှိတမံနိမ့်မြင့်မှတ်မှာ (၂၉၇ ဒသမ၆) ပေ (သိုလှောင်ရေပမာဏ - ၅၁၁၃၉ ဧကပေ) ဖြစ်ပြီး ဒီဇင်ဘာ ၁၅ ရက်မှစတင်၍ နွေစပါး ၅၃၇၄ ဧကအား စိုက်ပျိုးရေပေးဝေသွားနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းက တမံအိလျောသည့်နေရာ တစ်လျှောက်တွင် မိုးရေစိုခြင်း၊ နေပူဒဏ်နှင့် ရေလှိုင်းရိုက်ခတ်ခြင်းများ မခံရစေရန် မိုးရေကာဖျင်များဖြင့် စနစ်တကျအုပ်မိုး ကာကွယ်ထားရှိမှု၊ ရေလှောင်တမံ ပိုမိုစိတ်ချစေရေးအတွက် တမံအခြေဘက်တွင် မြေသားတမံဖို့၍ တမံအခြေထောက်ခြင်း၊ မြေသားတမံနှင့် ဆက်စပ်၍ ရေစစ်ကျောက်ရိုး (Rock Toe) ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်မှု၊ ရေစစ်ကျောက်ရိုး (Rock Toe) နှင့် ချိတ်ဆက်သည့် ရေစစ်သဲလွှာ လုပ်ငန်းဆောင်ရွက်ခြင်း၊ တမံရေရှည်ကြံ့ခိုင်ရေးအတွက် Geophysics (ဘူမိရူပ) နည်းပညာအသုံးပြု၍ မြေအောက်အခြေအနေများအား စစ်ဆေးနေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးပြည့်မီရေး Quality Control (QC) စစ်ဆေးဆောင်ရွက်မှု၊ တမံတည်ဆောက်ရာတွင် အောက်ခံမြေသား သိပ်သည်းဆနှင့် ခံနိုင်ရည်ဝန်အား တိုင်းတာရေးအတွက် Standard Penetration Test (SPT) စမ်းသပ်ဆောင်ရွက်နေမှု၊ တမံပြန်လည်တည်ဆောက်ရာတွင် အသုံးပြုရမည့် ဖို့မြေများအတွက် မြေရယူသင့်သည့်နေရာ (Borrow)ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမတိုင်မီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို ဂရုပြုလိုက်နာ ဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ထို့နောက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် မမြရေလှောင်တမံ ရှင်းလင်းဆောင် အစည်းအဝေးခန်းမ၌ တမံအိလျောကျမှုအပေါ် လိုအပ်သည့် အချိန်လိုအပ်သလို ရေထုတ်လွှတ်နိုင်ရန် အရေးပေါ် ရေပိုလွှဲတွင် ရေတံခါးတပ် ရေပိုလွှဲ (Gated Spillway) ဒီဇိုင်း ထည့်သွင်းစဉ်းစားမှု အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မမြရေလှောင်တမံ ကျောဘက်အလျော အိလျောကျမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူမိရူပဆိုင်ရာ တိုင်းတာခြင်း၊ အင်ဂျင်နီယာ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီး တွေ့ရှိလာသည့် အချက်အလက်များအပေါ် မူတည်၍ တမံ၏ လက်ရှိကြံ့ခိုင်မှုနှင့် ဘေးကင်းလုံခြုံမှုကို သုံးသပ်အကဲဖြတ်ခြင်း၊ နောင်ဖြစ်ပေါ်လာနိုင်သည့် ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်များအပေါ် ကြိုတင်ပြင်ဆင်နိုင်ရေး စီမံခြင်း၊ စစ်ဆေးရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ပိုမိုအလေးထားပြီး စနစ်တကျ စောင့်ကြည့်ထိန်းသိမ်းခြင်းနှင့် ကြိုတင်ကာကွယ်ရေး အစီအမံများကို ယခုထက် ပိုမိုအရှိန်မြှင့်ပြီး စီမံဆောင်ရွက်ခြင်း စသည့်လုပ်ငန်းစဉ်များကို အထူးအလေးထား စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။