
ကယားပြည်နယ် လွိုင်ကော်မြို့ လယ်ထွဲကျေးရွာဘုန်းကြီးကျောင်းဝန်းအနီးနှင့် နေအိမ်များပေါ်သို့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၂၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လယ်ထွဲကျေးရွာသို့ KNPP၊ KNDF နှင့် PDF အဖွဲ့များက လယ်ထွဲကျေးရွာ၏ အရှေ့ဘက်မီတာ ၅၅၀၀ ခန့်အကွာမှနေ၍ ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခဲ့မှုကြောင့် ဘုန်းတော်ကြီးကျောင်းဝန်းအနီးနှင့် လူနေအိမ်များ အပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဒေသခံအမျိုးသား နှစ်ဦးနှင့် အမျိုးသမီး သုံးဦး၌ ဗုံးသီးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လွိုင်ကော်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖြစ်စဉ်နေရာတစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။