
အီးယူနှင့်နေတိုးနိုင်ငံများက သူတို့၏ ထိပ်တိုက်တွေ့ဆုံရေးမူဝါဒအရ ယူကရိန်းစစ်ပွဲကို အချိန်ကြာအောင်လုပ်နေကြသည်ဟု ဖင်လန်၊ နော်ဝေခေါင်းဆောင်တို့နှင့် ဖုန်းဆက်ဆွေးနွေးရာတွင် ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားကြောင်း ကရင်မလင်က ထုတ်ပြန်ခဲ့ပြီး၊နောင်တွင်လည်း ယခုလို တိုက်ရိုက်ဆက်သွယ်မှုကို ဆက်လက်လုပ်ဆောင်မည်ဟု ဆိုသည်။
ယင်းသို့ခေါင်းဆောင်သုံးဦး ဖုန်းဆက်ဆွေးနွေးစဉ် အီးယူနှင့် နေတိုးနိုင်ငံများ၏ထိပ်တိုက်တွေ့ရေးမူဝါဒကို သမ္မတပူတင်က အလေးပေးပြောကြားခဲ့ကြောင်း၊ ထိုထိပ်တိုက်တွေ့ရေးပေါ်လစီကစစ်ပွဲအချိန်ပိုကြာစေရန် ဦးတည်စေကြောင်း၊ အနောက်အင်အားကြီးနိုင်ငံများက ပဋိပက္ခကို လောင်စာဖြည့်ပေးနေကြောင်း ကရင်မလင်၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယင်းသို့သောမူဝါဒများက ပြဿနာဖြေရှင်းခြင်းကို အထောက်အကူပြုသည်ဆိုခြင်းထက် ဒေသတွင်းတင်းမာမှုများကို ပိုမိုဆိုးရွားစေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကရင်မလင်၏ထုတ်ပြန်ချက်အရ ခေါင်းဆောင်သုံးဦးက ဖုန်းဆက်ခြင်းဖြင့် တိုက်ရိုက်ဆက်သွယ်ခြင်းကို ဆက်လက် ထိန်းထားရန်သဘောတူခဲ့ကြသည်ဟု သိရသည်။
ထိုသဘောတူညီချက်က စစ်ပွဲဖြစ်ပွားနေချိန်အတွင်း မော်စကိုနှင့် နော်ဒစ်ဒေသတွင်းနိုင်ငံများဖြစ်သော နော်ဝေ၊ ဖင်လင်တို့အကြား သံတမန်လမ်းကြောင်းများကို ထိန်းသိမ်းပေးသည်ဟု ဆိုသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ၂၄ ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် ဧပြီလထဲတွင် ဖင်လန်ကနေတိုးအဖွဲ့ထဲ ဝင်ရောက်ခဲ့သည်။ ယင်းမတိုင်မီတုန်းက ဖင်လန်သည် စစ်ရေးအရ ကြားနေနိုင်ငံအဖြစ် ဆယ်စုနှစ်များစု ရပ်တည်ခဲ့သည်။
နော်ဝေက ၁၉၄၉ ခုနှစ်ကတည်းက နေတိုးကို စတင်တည်ထောင်သည့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ နော်ဝေသည် အာတိတ်ဒေသတွင် ရုရှားနှင့်ကုန်းနယ်နိမိတ် ထိစပ်နေသောနိုင်ငံလည်းဖြစ်သည်။