
မိုက်ခရိုဆော့ဖ်က ကုန်ကျစရိတ်လျှော့ချရေး ကြိုးပမ်းမှုအဖြစ် ဝန်ထမ်း ၆၀,၀၀၀ ကို လျော်ကြေးပေးကာ အလုပ်မှဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုရန် စီစဉ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ယင်းအစီအစဉ်သည် AI နည်းပညာအသုံးပြုမှု မြင့်တက်လာချိန် ကုမ္ပဏီ၏ ကုန်ကျစရိတ်များကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်။
မိုက်ခရိုဆော့ဖ်သည် ယခုနှစ် ၊ ဧပြီတွင်လည်း အမေရိကန်ရှိ ဝန်ထမ်းများအနက် ခုနစ်ရာခိုင်နှုန်းခန့်ကို ဆန္ဒအလျောက် အငြိမ်းစားယူခွင့်ပေးမည့် အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုအချိန်က မိုက်ခရိုဆော့ဖ်၏ အမေရိကန်ဝန်ထမ်းအင်အားမှာ ၁၂၅,၀၀၀ ခန့်ရှိပြီး ကမ္ဘာတစ်ဝန်းတွင် စုစုပေါင်းဝန်ထမ်း ၂၂၃,၀၀၀ ခန့်ရှိသည်။
ဘလွန်းဘတ်သတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် ဖော်ပြချက်အရ Xbox ဂိမ်းလုပ်ငန်း၊ Windows လည်ပတ်မှုစနစ်နှင့် Copilot AI တို့အပါအဝင် မိုက်ခရိုဆော့ဖ်၏ အဓိကလုပ်ငန်းဌာနအချို့ ယခုအစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်သည်။ သို့သော် ဆိုက်ဘာလုံခြုံရေး၊ ဒေတာစင်တာနှင့် စျေးကွက်မြှင့်တင်ရေး ဌာနများက ပါဝင်မည်မဟုတ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း AI နည်းပညာအသုံးပြုမှု မြင့်တက်လာခြင်းနှင့် ယင်းနည်းပညာအတွက် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာခြင်းတို့ကြောင့် နည်းပညာကုမ္ပဏီ အများအပြားက ဝန်ထမ်းလျှော့ချမှုများ ပြုလုပ်လာကြသည်။
Facebook နှင့် အင်စတာဂရမ်တို့၏ မိခင်ကုမ္ပဏီ Meta သည်လည်း လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရန်ရည်ရွယ်ကာ ဧပြီတွင် ဝန်ထမ်း ၁၀ ရာခိုင်နှုန်းခန့်ဖြစ်သည့် ဝန်ထမ်း ၈,၀၀၀ ခန့်ကို လျှော့သွားမည်ဟု ကြေညာခဲ့သည်။
Amazon ကလည်း ဝန်ထမ်းလျှော့ချမှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး နောက်ဆုံးတွင် ၎င်း၏ လက်လီရောင်းချရေးဌာနမှ ဝန်ထမ်းအချို့ကို လျှော့ချခဲ့သည်။ အလားတူ Oracle ကုမ္ပဏီက ယခုနှစ်ဇွန်တွင် ဝန်ထမ်း ၂၁,၀၀၀ ခန့်ကို အလုပ်မှလျှော့ချခဲ့သည်။