


အောက်တိုဘာ - ၃၀ ( သောကြာနေ့ )
တူရကီနိုင်ငံ၊ ကာပက်ဒိုရှား ဒေသက နာမည်ကြီး ခရီးသွား နေရာတစ်ခုမှာ သဘာဝကျောက်တုံး ပြိုကျမှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူနှစ်ဦး သေဆုံးပြီး အနည်းဆုံး တစ်ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ဖော်ပြခဲ့ပါတယ်။
နီဗ်ရှီယာ ပြည်နယ် အုပ်ချုပ်ရေးမှူး ဟူဆီရင်ကော့ ရဲ့ ပြောကြားချက်အရ ကြာသပတေးနေ့ ဒေသန္တရစံတော်ချိန် နေ့လယ် ၃ နာရီ ၁၅ မိနစ်ခန့်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပွားပြီးနောက် အခုလို ကျောက်တုံးပြိုကျမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ကျောက်တုံးပြိုကျမှုဟာ ကာပက်ဒိုရှားဒေသရဲ့ ထင်ရှားတဲ့ နတ်သမီးခေါင်းတိုင် ကျောက်တောင်တွေထဲက တောင်တစ်တောင် ပြိုကျလာခဲ့တာဖြစ်ပြီး ဂိုရမ် လွင်ပြင်ပြတိုက် ရဲ့ အဝင်ဝနားမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက ပြိုကျပျက်စီးမှုတွေအောက်ကနေ ရုပ်အလောင်းနှစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒဏ်ရာရရှိသူ တစ်ဦးကိုလည်း ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့၊ စစ်ရဲတပ်ဖွဲ့ ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ သဘာဝဘေး တုံ့ပြန်ရေးအဖွဲ့တွေကို စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။
သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဒီတစ်ပတ်အတွင်း အဲဒီဒေသမှာ မိုးသည်းထန်တာနဲ့ လေပြင်းတိုက်ခတ်တာတွေ တစ်လှည့်စီ ဖြစ်ပေါ်ခဲ့တာကြောင့် ကာပက်ဒိုရှားဒေသရဲ့ နာမည်ကြီး မိုးပျံပူပေါင်း အလည်အပတ်ခရီးစဉ်တွေကို ဗုဒ္ဓဟူးနေ့နဲ့ ကြာသပတေးနေ့တွေမှာ ဖျက်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
Ref: RT
#News #Myanmar